ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်ထောင်မှ ၂၉ ဦး ပြန်လွတ်လာဟု ကနဦးသိရ၊ ထပ်လွှတ်ရန်ရှိဟုဆို

March 2, 2026

ပုံဟောင်းကို အသုံးပြုထားသည်။

စစ်ကော်မရှင်၏ လွတ်ငြိမ်းဖြင့် မြိတ်အကျဉ်းထောင်တွင် ကျခံနေရသော အမျိုးသား၊ အမျိုးသမီး ၂၉ ဦး ပြန်လွတ်လာကြောင်း ထောင်နှင့် နီးစပ်သူအချို့ထံမှ သိရသည်။

မြိတ်အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသူများထဲမှ အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၁၆ ဦး မတ်လ ၂ ရက်နေ့(တပေါင်းလပြည့်နေ့) နံနက်တွင် ပြန်လွတ်လာကြောင်း ထောင်နှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

“အများစုက အကြမ်းဖက်ပုဒ်မနဲ့ ထောင်ချခံရသူတွေလို့တော့ သိထားရတယ်။ ညနေဘက်နောက်တစ်သုတ် ထပ်လွှတ်မယ်လို့လည်း ကြားရတယ်”ဟု ၎င်းက ပြောသည်။

ပြန်လွတ်လာသူများအနက် ထောင်ဒဏ် ၁၄ နှစ်ချမှတ်ခံရသူများလည်းပါဝင်သည်ဟု ၎င်း၏အဆိုအရ သိရသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယနေ့ တပေါင်းလပြည့်နေ့ (မတ်လ ၂ ရက်) တွင် ပြစ်ဒဏ်ကျခံနေရသူ တစ်သောင်းကျော်ကို လွတ်ငြိမ်းခွင့်ပြုကာ တရားစွဲဆိုခံထားရသူ တစ်သောင်းနှစ်ထောင်ကျော်ကိုလည်း အမှုပိတ်ကြောင်း စစ်ကော်မရှင်က ကြေညာသည်။

အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မဖြစ်သည့် ၅၀ (ည) ၊ ၅၂ (က) တို့ဖြင့် တရားစွဲဆို ထောင်ချခံထားရသူ ၇၃၃၇ ဦး နှင့် ပြစ်မှုအမျိုး အမည်မဖော်ပြထားသူ ၂၈၂၅ ဦးကို လွတ်ငြိမ်းခွင့်ပြုကြောင်း စစ်အုပ်စု၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ကြေညာခြင်းဖြစ်သည်။

ပြစ်မှုထပ်မံကျူးလွန်ပါက ယင်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ဆိုသည့် ကန့်သတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ပြုခြင်းဟု ပါရှိသည်။

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မဖြစ်သည့် ၅၀ (ည) ၊ ၅၂ (က)တို့ဖြင့် တရားစွဲဆိုခံရကာ တိမ်းရှောင်နေရသူ ၁၂၄၈၇ ဦး၏ ကြားနာစစ်ဆေးဆဲ အမှု ကိုးထောင်ကျော်ကိုလည်း ပိတ်သိမ်းကြောင်း ကြေညာထားသည်။

၂၀၂၆ ခုနှစ် မတ်လ ၂ ရက်မတိုင်မီ လူသတ်မှု ၊ မုဒိမ်းမှု ၊ ပေါက်ကွဲမှု ၊ မတရားသင်းအက်ဥပဒေ ၊ လက်နက်အမှု ၊ မူးယစ်ဆေးဝါးအမှု၊ သဘာဝဘေးစီမံအမှု၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပြစ်မှုနှင့် အဂတိအမှုများမှအပ ကျန်အကျဥ်းသားများကို ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံ လျှော့လိုက်ကြောင်းကြေညာထားသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများ၊ လူ့အခွင့်အရေး ကာကွယ်သူများ၊ သတင်းသမားများကို စစ်အုပ်စုက အဓမ္မဖမ်းဆီး၍ အကြမ်းဖက် ပုဒ်မများတပ်ကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ထားခြင်းဖြစ်သည်။