အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးနိုင်ငံဘက်သို့ ဒုံးကျည်နှင့် ဒရုန်းများဖြင့် ယနေ့ မတ်လ ၂ ရက်နေ့ နံနက်အစောပိုင်းတွင် ပစ်ခတ်တိုက်ခိုက်လိုက်သည်။
အမေရိကန်နှင့် အစ္စရေး၏ ပူးပေါင်းတိုက်ခိုက်မှုအတွင်း အီရန်ထိပ်သီးခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးရမှုအတွက် လက်တုံ့ပြန်သည့်အနေဖြင့် ယင်းသို့ပစ်ခတ်ခြင်းဖြစ်ဟု ဟစ်ဇ်ဘိုလာအဖွဲ့ကဆိုသည်။
ယင်းနောက် အစ္စရေးကလည်း ယနေ့ နံနက်တွင် လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ တောင်ဘက် ဆင်ခြေဖုံးအရပ်ရှိ ဟစ်ဇ်ဘိုလာတို့ ထိန်းချုပ်ထားသော နယ်မြေများကို လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။
ယင်းမှာ ၂၀၂၄ ခုနှစ်က ဖြစ်ပွားခဲ့သော အစ္စရေးနှင့် ဟစ်ဇ်ဘိုလာစစ်ပွဲနောက်ပိုင်း ဘေရွတ်မြို့တောင်ဘက် ဆင်ခြေဖုံးအရပ်ကို အစ္စရေး၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုလည်း ဖြစ်သည်။
လက်ဘနွန်နိုင်ငံတစ်ဝန်းရှိ ဟစ်ဇ်ဘိုလာပစ်မှတ်များကို ၎င်းတို့ စတင်တိုက်ခိုက်နေပြီဖြစ်ကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ထားသည်။
၎င်းတို့၏ တိုက်ခိုက်မှုပစ်မှတ်များတွင် ဟစ်ဇ်ဘိုလာ၏ အဆင့်မြင့်ခေါင်းဆောင်များလည်း ပါဝင်ကြောင်း အစ္စရေးစစ်တပ်က ဆိုသည်။
အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာအဖွဲ့၏ ပါလီမန်အမတ်အဖွဲ့ခေါင်းဆောင် မိုဟာမက်ရာအက်ဒ် သေဆုံးခဲ့ကြောင်း ဆော်ဒီသတင်းဌာန Al-Hadath က ဖော်ပြသည်။
“ဟစ်ဇ်ဘိုလာက ညတွင်းချင်းမှာပဲ အစ္စရေးကို စစ်ဆင်ရေးတစ်ခု စတင်ခဲ့တာပါ။ ဒီပဋိပက္ခပိုမိုကြီးထွားလာမှုအတွက် ဟစ်ဇ်ဘိုလာအဖွဲ့မှာ အပြည့်အဝ တာဝန်ရှိပါတယ်” ဟု အစ္စရေးစစ်ဦးစီးချုပ် အီယယ်လ်ဇာမီယာက ဆိုသည်။
ဟစ်ဇ်ဘိုလာအဖွဲ့ ပါဝင်လာမှုကြောင့် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ပြီးနောက် အရှေ့အလယ်ပိုင်းတစ်ခွင်သို့ ပျံ့နှံ့လာသော ပဋိပက္ခကို ပိုမိုကျယ်ပြန့်သွားစေခဲ့သည်။
၁၉၈၂ ခုနှစ်တွင် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့မှ တည်ထောင်ပေးခဲ့သော ဟစ်ဇ်ဘိုလာအဖွဲ့သည် အရှေ့အလယ်ပိုင်းတွင် အီရန်၏ အဓိက မဟာမိတ်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
Source: Reuters







