ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မများဖြင့် ပြစ်ဒဏ်ချခံရသူများအပါအဝင် အကျဉ်းသားတစ်သောင်းကျော် လွတ်ငြိမ်းခွင့်ပြု

March 2, 2026

ပုံစာ - လွတ်ငြိမ်းခွင့်ကြောညာပြီးနောက် ထားဝယ်ထောင် အရှေ့ ယနေ့ နံနက် မြင်ကွင်း ။

ယနေ့ တပေါင်းလပြည့်နေ့ (မတ်လ ၂ ရက်) တွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဥ်းသားတစ်သောင်းကျော်ကို လွတ်ငြိမ်းခွင့်ပြုကာ တရားစွဲဆိုခံထားရသူ တစ်သောင်းနှစ်ထောင်ကျော်ကိုလည်း အမှုပိတ်ကြောင်း စစ်ကော်မရှင်က ကြေညာသည်။

အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မဖြစ်သည့် ၅၀ (ည) ၊ ၅၂ (က) တို့ဖြင့် စွပ်စွဲတရားစွဲဆို ထောင်ချခံထားရသူ ၇၃၃၇ ဦး နှင့် ပြစ်မှုအမျိုး အမည်မဖော်ပြထားသည့် အကျဥ်းသား ၂၈၂၅ ဦးကို လွတ်ငြိမ်းခွင့်ပြုကြောင်း စစ်အုပ်စု၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ကြေညာခြင်းဖြစ်သည်။

ပြစ်မှုထပ်မံကျူးလွန်ပါက ယင်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ဆိုသည့် ကန့်သတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ပြုခြင်းဖြစ်သည်။

ပြစ်မှုအမျိုးမျိုးဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် နိုင်ငံခြားသား ၁၀ ဦးကိုလည်း အထက်ပါ ကန့်သတ်ချက်ဖြင့် လွတ်ငြိမ်းပြုခဲ့သည်။

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မဖြစ်သည့် ၅၀ (ည) ၊ ၅၂ (က)တို့ဖြင့် တရားစွဲဆိုခံရကာ တိမ်းရှောင်နေရသူ ၁၂၄၈၇ ဦး၏ ကြားနာစစ်ဆေးဆဲ အမှု ကိုးထောင်ကျော်ကိုလည်း ပိတ်သိမ်းကြောင်း ကြေညာထားသည်။

၂၀၂၆ ခုနှစ် မတ်လ ၂ ရက်မတိုင်မီ လူသတ်မှု ၊ မုဒိမ်းမှု ၊ ပေါက်ကွဲမှု ၊ မတရားသင်းအက်ဥပဒေ ၊ လက်နက်အမှု ၊ မူးယစ်ဆေးဝါးအမှု၊ သဘာဝဘေးစီမံအမှု၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပြစ်မှုနှင့် အဂတိအမှုများမှအပ ကျန်အကျဥ်းသားများကို ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံ လျှော့လိုက်ကြောင်းကြေညာထားသည်။

တနင်္သာရီတိုင်း အတွင်းရှိ အကျဥ်းထောင်များတွင်လည်း လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်လွတ်လာမည့်သူများကို မိသားစုများက လာရောက်စောင့်ဆိုင်းနေကြပြီး ယနေ့နံနက် ၁၀နာရီခွဲအထိ လွှတ်မပေးသေးကြောင်း စောင့်ဆိုင်းနေသူများက ပြောသည်။

ထားဝယ် ၊ မြိတ် ၊ ကော့သောင်းအကျဥ်းထောင်များ၏ ယနေ့ လွတ်ငြိမ်းနောက်ဆက်တွဲ အခြေအနေများကို Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။