ထိုင်းနိုင်ငံက ပြည်ပနိုင်ငံများသို လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးက မတ်လ ၁ ရက်နေ့က ကြေညာသည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှစတင်၍ အမေရိကန်အပါအဝင် အစ္စရေး-အီရန် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် တင်းမာနေချိန် ထိုင်းနိုင်ငံက ပြည်ပသို့ လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကြေညာလိုက်ခြင်းဖြစ်သည်။
ကမ္ဘာ့လောင်စာဆီ ၂၀ ရာခိုင်နှုန်းအထိ တင်ပို့နေသော ဟို့မက်စ်ရေလက်ကြားကို အီရန်က ပိတ်လိုက်သဖြင့် ထိုင်းနိုင်ငံက အရေးပေါ်စွမ်းအင်ချွေတာရေးအစီအစဉ်များကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီး Auttapol Rerkpiboon က ပြောသည်။
ထို့ကြောင့် ပြည်တွင်း လောင်စာဆီများကို ထိန်းသိမ်းနိုင်ရန်အတွက် ရေနံအပါအဝင် လောင်စာဆီများကို ပြည်ပတင်ပို့မှု ရပ်ဆိုင်းထားရန် ညွှန်ကြားခဲ့ကြောင်း ဖော်ပြသည်။
ထိုင်းနိုင်ငံထဲတွင် လောင်စာဆီ ၇ ဒသမ ၆၆ ဘီလီယံလီတာအထိ သိုလှောင်ထားပြီးဖြစ်သဖြင့် ယင်းပမာဏက နှစ်လတာ (ရက် ၆၀) အထိ ဖူလုံမည်ဖြစ်ကြောင်းလည်း ဖော်ပြသည်။
လက်ရှိတွင် ကမ္ဘာလောင်စာဆီဈေး တက်လာနေသဖြင့် ထိုင်းနိုင်ငံအတွင်း လူနေမှုကုန်ကျစရိတ်နှင့် လောင်စာဆီဈေးတက်လာနိုင်သဖြင့် လောင်စာဆီရန်ပုံငွေကို အစိုးရက အသုံးပြုရန် စီစဉ်နေကြောင်း ဖော်ပြသည်။
နောက်ထပ် ထိုင်းပင်လယ်ကွေ့နှင့် မြန်မာနိုင်ငံရှိ သဘာဝဓါတ်ငွေ့ပိုက်လိုင်းများတွင်လည်း စွမ်းအင်များကို ပိုမိုရယူသွားရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စွမ်အင်ဝန်ကြီးက ပြောသည်။
ယနေ့တွင် အရှေ့အလယ်ပိုင်းဒေသ တိုက်ပွဲများကြောင့် ကမ္ဘာရေနံဈေးသည် ၁၃ ရာခိုင်နှုန်းအထိ တက်လာပြီး တစ်စည်လျှင် ၈၂ ဒေါ်လာအထိ မြင့်တက်လာနေကာ ကမ္ဘာရွှေဈေးကလည်း ၂ ရာခိုင်နှုန်းကျော် တက်လာပြီး ၅၃၉၀ ဒေါ်လာအထိ မြင့်တက်လာကြောင်း ဖော်ပြသည်။
Ref: The Nation Thailand, Khaosod







