သရက်ချောင်းမြို့နယ်ရှိ ကျေးရွာများကို စစ်အာဏာရှင်တပ်က နေ့မအား ညမနား လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုများ တရစပ် လုပ်ဆောင်နေသည်။
ပင်လယ်ပြင်ရှိ စစ်သင်္ဘောကလည်း လက်နက်ကြီးဖြင့် ပစ်ကူပေးနေသလို မြေပြင်ကလည်း စစ်ကြောင်းထိုးနေသည်။ ကြည်း၊ ရေ၊ လေ ဘက်စုံသုံးပြီး စစ်အာဏာရှင်တပ်က တိုက်ခိုက်နေခြင်းဖြစ်သည်။
ဖေဖော်ဝါရီလဆန်းက စတင်ပြီး ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်သည် စစ်တလင်းပြင်အတိ ဖြစ်လာသည်။ ကျေးရွာ ၂၀ ကျော်က အရပ်သားပြည်သူများ ထွက်ပြေးနေကြရပြီး ရိက္ခာပြတ်လပ်မှုများနှင့်လည်း ကြုံနေရသည်။
သရက်ချောင်းမြို့နယ်ကို စစ်အာဏာရှင်တပ်က ဖေဖော်ဝါရီလဆန်းမှာ စစ်ကြောင်းစထိုးပြီး ဖေဖော်ဝါရီလ ၁၀ ရက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များနှင့် တိုက်ပွဲစဖြစ်သည်။
ယင်းနောက် မြိတ်-ထားဝယ်ကားလမ်းပေါ်က ဝင်းဝစခန်းကို KNLA နှင့် ပူးပေါင်းတော်လှန်ရေးတပ်များက ပူးပေါင်း တိုက်ခိုက်ရာမှ တိုက်ပွဲများ ပိုမိုပြင်းထန်လာသည်။ သရက်ချောင်းတိုက်ပွဲတွင် စစ်အာဏာရှင်တပ်သည် ဖေဖော်ဝါရီလ ၁၀ ရက်မှ ၂၇ ရက်အထိ ၁၈ ရက်တာကာလအတွင်း ၁၁ ရက်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အကြိမ်ပေါင်းများစွာ ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်သည်။
စစ်အာဏာရှင်တပ်က ယင်းသို့ လေကြောင်းဖြင့် တရစပ်ဗုံးကြဲတိုက်ခိုက်သလို စစ်သင်္ဘောပစ်ကူ၊ မြေပြင်စစ်ကြောင်း များပါ အသုံးပြုနေသဖြင့် ယခုတိုက်ပွဲသည် စစ်ရေးအားဖြင့် အရေးပါမှုများစွာရှိနေကို ထင်ရှားနေသည်။
စစ်တလင်းဖြစ်လာသည့် သရက်ချောင်း
သရက်ချောင်းမြို့နယ်တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှစတင်ကာ စစ်ရေးလှုပ်ရှားမှုများ စတင်လာခဲ့သည်။
စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ဖေဖော်ဝါရီ ၃ ရက်တွင် သရက်ချောင်းမြို့နယ် အောက်ဘက် (တောင်ဘက်) ပိုင်းသို့ တဖြည်းဖြည်း စစ်ကြောင်းထိုး ဝင်ရောက်လာသည်။
ဖေဖော်ဝါရီလ ၈ ရက်တွင် သရက်ချောင်းနှင့် ပုလောမြို့နယ် ပလောက်မြို့ကြား ပြည်ထောင်စုလမ်းပိုင်းတွင် နှစ်ဖက်စစ်ရေး တင်းမာလာပြီးနောက် မြိတ်-ထားဝယ် ပိတ်သွားပြီး သွားလာခွင့် မရတော့ပေ။
အဆိုပါရက်ပိုင်းတွင်ပင် KNLA က အဆိုပါလမ်းပိုင်းတစ်လျှောက်ရှိ ကျေးရွာများတွင် ဆက်သွယ်ရေးလိုင်းများကို ဖြတ်တောက်လိုက်သဖြင့် စစ်မီးတောက်မည့် အရိပ်အယောင် ပိုမိုပြလာခဲ့သည်။
ဖေဖော်ဝါရီလ ၁၀ ရက်တွင် စစ်အာဏာရှင်တပ် စစ်ကြောင်းတစ်ကြောင်းသည် သရက်ချောင်းမြို့နဲ့ ဝင်းဝရွာကြားတွင် ရှိသည့် သဲချောင်းကြီးရွာသို့ ရောက်ရှိလာသည်။ ယင်းစစ်ကြောင်းနှင့် KNLA ပူးပေါင်းတော်လှန်ရေးတပ်တို့ ဖေဖော်ဝါရီလ ၁၀ ရက်တွင်ပင် တိုက်ပွဲဖြစ်ပွားသည်။
တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်အာဏာရှင်တပ်သား အလောင်း ၁၀ လောင်းခန့်နှင့် လက်နက်ခဲယမ်းများကို ပူးပေါင်းတပ်များ ရရှိခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်အချို့ထံမှ သိရသည်။ စစ်အာဏာရှင်တပ်ဘက်က အထိနာပြီးနောက် လေယာဉ်အသုံးပြု ဗုံးကြဲတိုက်ခိုက်မှု စတင်လုပ်ဆောင်ခဲ့သည်။
လေယာဉ်ဖြင့် ဗုံးကြဲသလို ရေတပ်စစ်သင်္ဘောကလည်း လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့သည်။
ဖေဖော်ဝါရီလ ၁၂ ရက်တွင်မူ တိုက်ပွဲဖြစ်ပွားမှု တစ်စုံတစ်ရာ မရှိဘဲ စစ်အာဏာရှင်တပ်က မင်းဒပ်ရွာအနီးကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး ဝဲရစ်၊ သိမ်ကုန်း၊ ရငဲ စသည့် ကျေးရွာများကိုလည်း စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
မင်းဒပ်သည် စစ်အာဏာရှင်တပ်စခန်းရှိသည့် ဝင်းဝကျေးရွာနှင့် ချောင်းတစ်ဖက်ကမ်းတွင် တည်ရှိသည့် ကျေးရွာဖြစ်သည်။
ဖေဖော်ဝါရီ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင်လည်း မင်းဒပ်ရွာနှင့် ပင်လယ်ကမ်းနားရွာဖြစ်သည့် ကနက်သီရိတို့ကို စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြန်သည်။ စစ်အာဏာရှင်တပ်၏ ဝင်းဝစခန်းကို KNLA နှင့် ပူးပေါင်းတပ်များက ဒရုန်းဖြင့် တိုက်ခိုက်မှုများရှိခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်အချို့က ဆိုသည်။
ကနက်သီရိသည် ဝင်းဝရွာ၏ အနောက်ဘက် အဖြောင့်တိုင်းလျှင် ခြောက်မိုင်ကျော် အကွာတွင်ရှိသည်။ သရက်ချောင်း တိုက်ပွဲတွင် စစ်အာဏာရှင်တပ်က စစ်သင်္ဘောဖြင့် ပစ်ကူပေးမှုမှာ ကနက်သီရိရွာအနီး ပင်လယ်ပြင်တွင် ကျောက်ချရပ်ထားသည့် စစ်သင်္ဘောက ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ဖေဖော်ဝါရီလ ၁၉ ရက်တွင် စစ်အာဏာရှင်တပ်၏ ဝင်းဝစခန်းဘက်က နှစ်ဖက် လက်နက်ကြီး၊ လက်နက်ငယ် စတင်ကြားရပြီး KNLA နှင့် ပူးပေါင်းတော်လှန်ရေးတပ်များက စတင်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံအချို့နှင့် စစ်ရေးသတင်းအရင်းအမြစ် အချို့ထံမှ သိရသည်။
ယင်းနေ့တွင်လည်း ဝင်းဝစခန်းအနီးဝန်းကျင်ကို စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးချသလို စက်သေနတ်ဖြင့်လည်း ပစ်ခတ်ခဲ့သည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုတွင် KNLA တပ်ရင်း (၁၂) တပ်ခွဲ (၂) က တပ်ခွဲမှူး စောဘဦးသစ် သေဆုံးခဲ့ကြောင်း KNU ထံမှ သိရသည်။
ဖေဖော်ဝါရီလ ၂၀ ရက်တွင်လည်း ဝင်းဝစခန်းအနီးဝန်းကျင်ရှိ ကျေးရွာငါးရွာထက်မနည်းကို နေ့ရော ညပါ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ယင်းနောက် ဖေဖော်ဝါရီလ ၂၃ ရက်မှ ၂၇ ရက်အထိ ဝင်းဝစခန်း အနီးဝန်းကျင် အပါအဝင် ကျေးရွာများကို ငါးရက်ဆက်တိုက် မရပ်မနား လေယာဉ်ဖြင့် ဗုံးဆက်တိုက်ကြဲခဲ့ပြန်သည်။
ဖေဖော်ဝါရီလ ၂၃ ရက်နှင့် ၂၄ ရက်က စုံစင်ဖျားရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုတွင် အရပ်သားနှစ်ဦး သေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် သုံးဦးဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။
ဖေဖော်ဝါရီလ ၂၆ ရက်က ပြင်းဖြူသားကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုတွင် နေအိမ်သို့ ရိက္ခာပြန်ယူသည့် အသက် ၂၈နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦး သေဆုံးပြီး ဒေသခံ အခြားတစ်ဦးလည်း ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းအပြင် ရွာဦးစေတီနှင့် သိမ် အဆောက်အအုံလည်း ထိခိုက်ပျက်စီးကြောင်း ၎င်းတို့က ဆိုသည်။
ထို့ကြောင့် သရက်ချောင်း တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်သည် ဖေဖော်ဝါရီလ ၁၀ ရက်မှာ ၂၇ ရက်အထိ ၁၈ ရက်တာကာလအတွင်း ၁၁ ရက်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
သဲချောင်းကြီး၊ မင်းဒပ်၊ သိမ်ကုန်း၊ ဝင်းဝ၊ ချောင်းဝပြင်၊ ချောက်ချောင်း၊ စုံစင်ဖျား၊ ပြင်းဖြူသား၊ ဂုံညှင်းဆိပ်၊ ကနက်သီရိ စသည့် ကျေးရွာများကို K8W တိုက်လေယာဉ် ၊ Y12 လေယာဉ်၊ Mi 2 ရဟတ်ယာဉ်တို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။ KNLA နှင့် ပူးပေါင်း တော်လှန်ရေးတပ်များ တိုက်ခိုက်နေသဖြင့် တိုက်ပွဲပြင်းထန်နေသည့် ဝင်းဝစခန်း အနီးဝန်းကျင်းကိုမူ မကြာခဏ ဗုံးကြဲတိုက်ခိုက်လေ့ရှိသည်။
တိုက်ပွဲပြင်းထန်မှု၊ စစ်အာဏာရှင်တပ်စစ်ကြောင်းထိုးမှု၊ လေယာဉ်ဖြင့် ဗုံးကြဲမှု၊ စစ်သင်္ဘောက လက်နက်ကြီးဖြင့် ပစ်ခတ်မှု စသည့်တို့ကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ မြိတ်-ထားဝယ်လမ်း ပိတ်နေခြင်းသောကြောင့် ရိက္ခာ ပြတ်လပ်မှုတွေ ကြုံနေရသလို ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံထားရလို့ အဝေးရောက် မိသားစုနှင့် အဆက်အသွယ်မရသလို၊ သတင်းအချက်အလက်များ ရရှိရန်လည်း အလွန်တရာ အခက်အခဲကြုံနေကြရသည်။
ဝင်းဝစခန်းကို ကြည်း၊ ရေ၊ လေ သုံးပြီး ဘာကြောင့်ခုခံနေတာလဲ
လေယာဉ်ဖြင့် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်သည့်အပြင် စစ်သင်္ဘောကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်နေပြီး မြေပြင်တွင်လည်း သရက်ချောင်းမြို့ဘက်က ဝင်းဝရွာဘက်သို့ စစ်အာဏာရှင်တပ်က ဦးတည်စစ်ကြောင်း ထိုးနေသည်။ စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်တွင်လည်း တိုက်ပွဲများဖြစ်ပွားနေသည်။
တစ်နည်းအားဖြင့် စစ်အာဏာရှင်တပ်သည် ဝင်းဝစခန်းကို ကြည်း၊ ရေ၊ လေ သုံးပြီး ခုခံနေခြင်းဖြစ်သည်။ ဝင်းဝစခန်းသည် သရက်ချောင်းမြို့မှ ဆင်ကူးရွာမှ ပုလောမြို့နယ်၊ ပလောက်မြို့အနီးက ဆင်ထိုးကြီးရွာကြား တစ်ခုတည်းကျန်ရှိသည့် စစ်အာဏာရှင်တပ် တပ်စွဲရာနေရာ ဖြစ်သည်။
၂၀၂၄ ခုနှစ် မေလ ၈ရက်တွင် သရက်ချောင်းမြို့နယ်နှင့် ပုလောမြို့နယ်အစပ် မြိတ်-ထားဝယ် အမှတ် (၈) ပြည်ထောင်စုကားလမ်း ပေါ်ရှိ ပဲဒက်စခန်းကို KNLA နှင့် PDF ပူးပေါင်းတပ်များတိုက်ခိုက်သိမ်းယူခဲ့သည်။ ထို့ကြောင့် ဝင်းဝစခန်းသည် ယင်းလမ်းပိုင်းတွင် နောက်ဆုံးကျန်ရစ်သည့် တပ်စခန်းနှင့် စစ်ဆေးရေးဂိတ်ဖြစ်လာသည်။
ပလောက်မြို့သည် စစ်အာဏာရှင်တပ်၏ အမှတ် (၁၂) တန်းမြင့်လေ့ကျင်ရေးသင်တန်းကျောင်း ရှိနေသည့် နေရာဖြစ်သည်။ အဆိုပါ သင်တန်းကျောင်းသည် စစ်မှုထမ်းများကို သင်တန်းပေနေသည့် အဓိကနေရာတစ်ခုလည်း ဖြစ်သည်။
ပင်လယ်ထွက်ပေါက်နှင့်လည်း လက်လှမ်းမီသဖြင့် ဝင်းဝစခန်းသည် စစ်အာဏာရှင်တပ်အတွက် မြိတ်-ထားဝယ်လမ်း ကုန်းလမ်းအပြင် ရေလမ်းအတွက်ပါ အရေးပါပြီး ဗျူဟာကျသည့် စခန်းတစ်ခုဖြစ်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
ဝင်းဝစခန်းသည် သာမန်စခန်းပုံစံမျိုး မဟုတ်ဘဲ စစ်အာဏာရှင်တပ်က ဗျူဟာကုန်းသဖွယ် အဆင့်မြှင့်ထားသည့် စခန်းတစ်ခု ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဘန်ကာများ၊ ခြံစည်းရိုးများ အခိုင်အမာတည်ဆောင်ထားသလို ခြံစည်းရိုးများတွင် မြေမြှပ်မိုင်း မြောက်များစွာ ထောင်ထားသည်ဟု သိရကြောင်း ၎င်းက ပြောဆိုသည်။
“ဒီစခန်းသာကျရင် သရက်ချောင်းနဲ့ ပလောက်မြို့ကြားက အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးကို တော်လှန်ရေးတပ်တွေ လုံးဝ ကင်းကင်းရှင်းရှင်း ထိန်းချုပ်သွားနိုင်ပြီလို့ ပြောလို့ရတာပေါ့။ ပြီးတော့ ကိုယ့်ဘက်က လွတ်မြောက်မှု ဧရိယာက နည်းတဲ့ ဧရိယာ မဟုတ်ဘူးပေါ့နော်” ဟု အထက်ပါ စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။
ထို့ကြောင့် စစ်အာဏာရှင်တပ်က ကြည်း၊ ရေ၊ လေ သုံးပြီး ပြန်လည်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။
သရက်ချောင်းဘက်ကမှ ဝင်းဝစခန်းဘက်သို့ ဦးတည်စစ်ကြောင်းထိုးလာသည့် အင်အားရာချီပါသည့် စစ်ကြောင်း တစ်ကြောင်းမှာ ပြင်းဖြူသားနှင့် စုံစင်ဖျားကျေးရွာဘက်တွင် ရှိနေပြီး အဆိုပါနေရာတွင် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်နေသည်။
ပြင်းဖြူသားနှင့် စုံစင်ဖျားကျေးရွာတို့မှာ ပြည်ထောင်စုလမ်း၏ ဟိုဘက် သည်ဘက်တွင် တည်ရှိသည့် ကျေးရွာများ ဖြစ်သည်။ ဝင်းဝ၏ မြောက်ဘက်သို့ အဖြောင့်တိုင်းလျှင် လေးမိုင်ကျော်အကွာတွင် တည်ရှိသည်။
စစ်ကြောင်းရှိသည့် ပတ်ဝန်းကျင်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲမှုများ ဆက်တိုက် လုပ်ဆောင်နေသည်။ ဖေဖော်ဝါရီလ ၂၇ ရက်ကဆိုလျှင် စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးခဲ့သည့် စုံစင်ဖျားရွာ မီးသတ်ရုံးအနီးရှိ ရော်ဘာတောတွင် အမျိုးသမီး ငါးဦး၊ အမျိုးသား နှစ်ဦး နားထင်ကို သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည်။
စစ်ရေးသတင်းအရင်းအမြစ်အချို့နှင့် ဒေသခံအချို့ကမူ အဆိုပါနေရာတွင် စစ်ကြောင်းထိုးခဲ့သည့် ကလိန်အောင်အခြေစိုက် ခမရ ၄၀၉ တပ်ရင်းက ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။ KNU ကလည်း စစ်အာဏာရှင်တပ်က အရပ်သား ခုနစ်ဦးကို ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ယင်းစစ်ကြောင်းအပြင် သရက်ချောင်းမြို့ဘက်က အင်အား တစ်ရာကျော်ပါသည့် နောက်ထပ် စစ်ကြောင်းတစ်ကြောင်း လည်း ဝင်းဝစခန်းဘက်သို့ ဦးတည်စစ်ကြောင်းထိုးနေသေးကြောင်း စစ်ရေးသတင်းအရင်းအမြစ်အချို့က ဆိုသည်။
အဆိုပါစစ်ကြောင်းမှာ စုံစင်ဖျားရွာနှင့် ဝင်းဝ ကြား ပြည်ထောင်စုလမ်းတစ်လျှောက်တွင် ရှိနေကြောင်း ၎င်းက ဆိုသည်။
တိုက်ပွဲများတွင် စစ်အာဏာရှင်ဘက်က ထိခိုက်သေဆုံးမှု များပြားနေပြီး တော်လှန်ရေးအင်အားစုများဘက်က ထိခိုက်သေဆုံးမှုများရှိကြောင်း စစ်ရေးသတင်းအရင်းအမြစ်က ပြောဆိုသည်။
“တိုက်ပွဲအခြေအနေကတော့ ရန်သူဘက်ကလည်း တော်တော်အထိနာတာရှိတယ်။ ကျွန်တော်တို့ဘက်ကလည်း အထိနာတာရှိတယ်” ဟု ၎င်းက ပြောသည်။
သရက်ချောင်းမြို့နှင့် ပုလောမြို့နယ်၊ ပလောက်မြို့ကြား ပြည်ထောင်စုလမ်းမတစ်လျှောက်ကို ထိန်းချုပ်နိုင်ရန် နှစ်ဘက် အားပြိုင်မှုမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။ ဝင်းဝစခန်းမှာ ပြည်ထောင်စုလမ်းအတွက် အရေးပါသလို ပလောက်မြို့နဲ့ သရက်ချောင်းတပ်နယ်အတွက်လည်း အရေးပါသည့် အနေအထားတွင် ရှိနေသည်။
ထို့ကြောင့် စစ်အာဏာရှင်တပ်က ကြည်း၊ ရေ၊ လေ ဘက်စုံသုံးကာ အကြမ်းပတမ်း ပြန်တိုက်နေခြင်းဖြစ်နိုင်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်က အောက်ပါအတိုင်း သုံးသပ်သည်။
“ပင်လယ်ရေကြောင်းနဲ့လည်း လက်လှမ်းမီတဲ့နေရာဖြစ်တာကို။ အဲဒီအပေါ်မှာမူတည်ပြီးတော့ပဲ စကစက ဒီစခန်းမကျရေး အတွက် လုံးဝ ကြည်း၊ ရေ၊ လေဘက်စုံသုံးပြီးတော့ ခုခံတိုက်ခိုက်နေတာလို့ပဲ သုံးသပ်ရပါတယ်”







