ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အီရန်စစ်ပွဲ တစ်လခန့် ကြာနိုင်ဟု ထရမ့်ပြော

March 2, 2026

အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲသည် တစ်လခန့် ကြာမြင့်နိုင်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မတ်လ ၁ ရက်နေ့တွင် ပြောကြားလိုက်သည်။

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ဌာနချုပ်ကို ၎င်းတို့ ဖျက်ဆီးလိုက်ပြီဟု အမေရိကန်က ကြေညာခဲ့ပြီးနောက်တစ် သမ္မတထရမ့်က ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အမေရိကန်နှင့် အစ္စရေး၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် အီရန်ထိပ်သီးခေါင်းဆောင် အယာတိုလာခါမေနီ သေဆုံးခဲ့ပြီးနောက် တစ်ရက်အကြာတွင် အရှေ့အလယ်ပိုင်းဒေသနှင့် ကမ္ဘာ့စီးပွားရေးသည် ပိုမိုနက်ရှိုင်းသည့် မရေရာမှုထဲ ကျရောက်လာသည်။

အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲသည် ရက်အတော်ကြာမြင့်မည်ဟု ခန့်မှန်းထားကြောင်း အမေရိကန်အရာရှိများကလည်း ဆိုသည်။

Daily Mail သတင်းစာနှင့် အင်တာဗျူးတစ်ခုတွင် သမ္မတထရမ့်က လက်ရှိအီရန်စစ်ပွဲသည် လေးပတ်ခန့် ကြာမြင့်နိုင်ကြောင်း ပြောကြားခဲ့သည်။

“ဒါမျိုးက အမြဲတမ်း လေးပတ်ကြာမယ့် လုပ်ငန်းစဉ်တစ်ခုပါပဲ။ ကျွန်တော်တို့ ခန့်မှန်းထားတာကတော့ လေးပတ်လောက် ကြာမယ်ပေါ့။အီရန်က နိုင်ငံကြီးတစ်နိုင်ငံဖြစ်တဲ့အတွက် လေးပတ်၊ ဒါမှမဟုတ် အဲဒီထက်နည်းတဲ့ အချိန်တစ်ခုတော့ ကြာလိမ့်မယ်” ဟု သမ္မတထရမ့်က ပြောကြားခဲ့သည်။

အီရန်နှင့် နောက်ထပ်ဆွေးနွေးမှုများ ပြုလုပ်ရန် မိမိအနေဖြင့် အသင့်ရှိနေသေးကြောင်း ထရမ့်က Daily Mail သတင်းစာသို့ ပြောကြားခဲ့သည်။

သို့ရာတွင် အဆိုပါ ဆွေးနွေးမှုများ ပေါ်ပေါက်လာမည့်အချိန်နှင့် ပတ်သက်၍ ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။

Source: Agencies/zl