ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကမြောကင်းတံတား၌ ဒရုန်းဗုံးထိသည့် သားအမိတွင် မိခင်က ခြေထောက်ဖြတ်ရမည်ဖြစ်ပြီး သမီးက ဒဏ်ရာပြင်းထန်ဆဲ

January 2, 2026

ဓာတ်ပုံ - Dawei Watch

ကမြောကင်းတံတား စစ်ဆေးရေးဂိတ် ဒရုန်းဗုံးချတိုက်ခိုက်ခံရမှုတွင် ဒဏ်ရာရရှိသည့် အမျိုးသမီးတစ်ဦးမှာ ခြေထောက်ဖြတ်ရမည်ဖြစ်ပြီး ၎င်း၏သမီးဖြစ်သူမှာလည်း ခွဲစိတ်ခန်း နှစ်ကြိမ်ဝင်ထားရကြောင်း ဆွေမျိုးနီးစပ်သူများ ထံမှသိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ ရက်နေ့ နှစ်သစ်ကူးနေ့တွင် ကမြောကင်းတံတား စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် နှစ်ကြိမ်ဗုံးချတိုက်ခိုက်ခဲ့ရာတွင် ခရီးသွားပြည်သူ ၅ ဦး ဒဏ်ရာရရှိခဲ့သည်။

သာယာကုန်းကျေးရွာသူ မမိလတ်နှင့် သမီးဖြစ်သူ ပထမတန်းကျောင်းသူတစ်ဦး၊ ဒုတိယတန်းကျောင်းသူတစ်ဦး၊ မင်းရပ်တလိုင်းမော်ကျေးရွာမှ အသက် ၄၀ ဝန်းကျင်အရွယ်ရှိ မောင်နှမနှစ်ဦး စုစုပေါင်းငါးဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၃၁ ရက် နံနက် ၁၁ နာရီ ဝန်းကျင်တွင် ပထမအကြိမ် ဒရုန်းဗုံး တိုက်ခိုက်ပြီးနောက် တံတားပြန်လည်ဖွင့်လှစ်ချိန်တွင် မမိလတ်မှာ ထားဝယ်မြို့ အိုးလုပ်ပြင်ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်းတွင် ပညာသင်ကြားနေသည့် ၎င်း၏သမီး နှစ်ဦးကို ကျောင်းသွားကြိုခဲ့ကြောင်းသိရသည်။

ယင်းနောက် သားအမိသုံးဦး ထားဝယ်မြို့မှ လောင်းလုံးမြို့နယ်၊ သာယာကုန်းကျေးရွာရှိ နေအိမ်သို့ပြန်ရန် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်ဖြတ်ချိန် မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်သည့် ဒရုန်းဗုံးစများထိမှန်ခဲ့ကြောင်း၊ နောက်ထပ် ခရီးသွားအမျိုးသမီးညီအစ်မ နှစ်ဦးလည်း ထိမှန် ဒဏ်ရာရရှိကြောင်း ၎င်းတို့၏ မိသားစုများထံမှသိရသည်။

ဒရုန်းဗုံးစထိမှန်ခြင်းကြောင်း မမိလတ် ၏ခြေထောက်တွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ၎င်း သမီးကြီး ဖြစ်သူ မှာ ဝမ်းဗိုက်တွင် ဒဏ်ရာပြင်းထန်ရရှိကာ သမီးငယ်မှာမူ ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း ဆွေမျိုးနီးစပ်သူ အမျိုးသမီးတစ်ဦးကပြောသည်။

“ခြေထောက်ဖြတ်ရမယ့် အခြေအနေလို့ ပြောတယ်၊ မနေ့ကအထိတော့ မဖြတ်ရသေးဘူး၊ သမီးကြီးဖြစ်သူ ဒုတိယတန်းကျောင်းသူ လေးကတော့ ဗိုက်မှာ ထိပြီး ခွဲစိတ်ခန်း နှစ်ကြိမ်ဝင်ထားပြီးပြီပြောတယ်၊ သမီးငယ်ကတော့ ဆေးရုံကဆင်းပြီ ၊အမေ နဲ့ သမီးကြီး နှစ်ယောက်ကျန်တယ်”ဟု ၎င်းကပြောသည်။

နောက်ထပ် ဒရုန်းဗုံးအစထိမှန်သည့် လောင်းလုံးမြို့နယ် မင်းရပ်တလိုင်းမော် ကျေးရွာနေ အသက် ၄၀ ဝန်းကျင်အရွယ် ညီအစ်မ နှစ်ဦးမှာလည်း နှစ်ယောက်စလုံး ခြေထောက်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း သိရသည်။

ယင်းတံတားကို ဒရုန်းဖြင့် ဗုံးချခဲ့သည့် အဖွဲ့ကိုမူ မသိရှိရသေးပေ။

ကမြောကင်းတံတား စစ်ဆေးရေးဂိတ်အား ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်ည တိုက်ခိုက်မှုမှာလည်း တံတား ဧရိယာဝန်းကျင်တွင်နေ့ထိုင်သည့် အမျိုးသမီးတစ်ဦး၏ခြေထောက်မှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ပြီး ယနေ့အထိ ဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။

ကမြောကင်းတံတားသည် လောင်းလုံးမြို့နယ် ၊ ရေ ဖြူမြို့နယ်တို့မှ ဒေသခံများ ထားဝယ်မြို့သို့ သွားလာရာတွင်အသုံးပြုသည့် အဓိကဆက်သွယ်ရေးလမ်းဖြစ်ပြီး ဒေသခံခရီးသွားများ နေစဉ် နံနက် ၆ နာရီမှ ည ၈ နာရီအထိ အသွားအလာမပြတ်ကြောင်း မြို့ခံတို့ကပြောသည်။