ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်ဒေသထွက် ကိုကိုးသီး စျေးကောင်းရ

January 2, 2026

ဓာတ်ပုံ - MOI

ချောကလက်ကုန်ကြမ်းဖြစ်သည့် ထားဝယ်ဒေသထွက် ကိုကိုးသီး ယခုနှစ်တွင် ပြည်တွင်း အဝယ်လိုက်သဖြင့် စျေးကောင်း ရနေကြောင်း ကိုကိုးစိုက် တောင်သူများနှင့် အဝယ်ဒိုင်များထံမှ သိရသည်။

ယမန်နှစ်က ကိုကိုးသီး တစ်ကီလိုလျှင် ကျပ်ငါးရာဝန်းကျင် ခုနစ်ရာဝန်းကျင်အထိ စျေးရှိခဲ့ရာမှ ယခုနှစ်တွင် ကိုးရာကျပ် အထိ စျေးတက်လာကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ကိုကိုးသီးကို တောင်သူများထံမှ အသီးတိုက်ရိုက်ဝယ်၍ ဒိုင်များထံတွင် အသီးခြောက်နှင့် ချောကလက် ကုန်ကြမ်းအဖြစ် ပြုလုပ်၍ ရန်ကုန်စျေးကွက်သို့ တင်ပို့ရကြောင်း ရေဖြူမြို့နယ်မှ ကိုကိုးသီး အဝယ်ဒိုင်တစ်ဦးက ပြောသည်။

“ချောကလက်ကုန်ကြမ်းက ပြည်ပစျေးကွက်ကနေ သွင်းရမတော့ ပြည်တွင်းစျေးကွက်ထဲ ကိုကိုးသီးက အဝယ်လိုက် လာတယ်။ အခုနှစ်မှာ ပိုရောင်းလာရတယ်” ဟု ၎င်းက ပြောဆိုသည်။

ချောကလက် ကုန်ကြမ်းဖြစ်သည့် ကိုကိုးအမှုန့်ကို ယခင်က တရုတ်နိုင်ငံထံမှတစ်ဆင့် အများဆုံးတင်သွင်းကြပြီး အာဏာသိမ်းပြီးနောက်တွင် နယ်စပ်လမ်းကြောင်းများတွင် ကုန်သွယ်ရခက်သဖြင့် တင်သွင်းနိုင်သဖြင့် မရှိတော့ကြောင်း ကိုကိုးသီး အဝယ်ဒိုင် လုပ်ငန်းအချို့ထံမှ သိရသည်။

အာဏာသိမ်းပြီးနောက်တွင် ပြည်ပမှ တင်သွင်းရ ခက်ခဲလာသဖြင့် ကိုကိုး ကုန်ကြမ်းများ တစ်နှစ်ထက်တစ်နှစ် စျေးတက်လာကြောင်း ၎င်းတို့ထံမှ သိရသည်။

ကိုကိုးသီး ကို ကွမ်းနှင့် ရော်ဘာခြံများတွင် သီးညှပ်စိုက်ပျိုးကြပြီး ထားဝယ်ဒေသတွင် ရေဖြူမြို့နယ်၌ အများဆုံး စိုက်ပျိုးကြောင်း တောင်သူများထံမှသိရသည်။

ရန်ကုန်တိုင်းနှင့် မွန်ပြည်နယ်က ခြံအချို့တွင်လည်း ကိုကိုးသီး ကို စမ်းသပ်စိုက်ပျိုးသူများရှိလာကြောင်း ယင်းဒေသခံက စမ်းသပ်စိုက်ပျိုးသူများထံ ပျိုးပင်များ ရောင်းချပေးနေသူတစ်ဦးက ပြောသည်။

ထားဝယ်ဒေသတွင် ကိုကိုးသီး ကို ကုန်ကြမ်းအဖြစ် စိုက်ပျိုးခြင်းအပြင် ချောကလက်အမှုန့်၊ အခဲနှင့် ဝိုင်အဖြစ် ကုန်ချော ထုတ်လုပ်ရောင်းချခြင်းလည်းရှိကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။