နှစ်ပေါင်း ၃၀ ကြာ ကျင့်သုံးခဲ့သည့် သန္ဓေတားဆေးနှင့် ပစ္စည်းများအပေါ် အခွန်ကင်းလွတ်ခွင့်ကို တရုတ်အစိုးရက ဇန်နဝါရီ ၁ ရက်က စတင်ကာ ရုပ်သိမ်းလိုက်သည်။
နိုင်ငံအတွင်း ကလေးမွေးဖွားနှုန်း ကျဆင်းလာမှုကို မြှင့်တင်နိုင်ရန် တရုတ်အစိုးရက အသည်းအသန် ကြိုးပမ်းနေချိန်တွင် ယခုဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
လက်ရှိတွင် တရုတ်အစိုးရက အခြားလူသုံးကုန်ပစ္စည်းများနည်းတူ ကွန်ဒုံးနှင့် သန္ဓေတားဆေးများအပေါ် တန်ဖိုးမြှင့်အခွန် ၁၃ ရာခိုင်နှုန်း စတင်ကောက်ခံနေပြီဖြစ်သည်။
တရုတ်နိုင်ငံ၏ လူဦးရေသည် ၂၀၂၄ ခုနှစ်တွင် သုံးနှစ်ဆက်တိုက် ကျဆင်းခဲ့ပြီး ရှေ့လာမည့် နှစ်များတွင်လည်း ဆက်လက် ကျဆင်းနေဦးမည်ဟု ကျွမ်းကျင်သူများက သတိပေးထားသည်။
၂၀၂၄ ခုနှစ်အတွင်း တရုတ်အစိုးရသည် တက္ကသိုလ်နှင့် ကောလိပ်များ၌ မိသားစုဘဝအပေါ် အပြုသဘောမြင်စေသည့် ‘အချစ်ရေးပညာပေး’ သင်တန်းများ ပို့ချစေခဲ့သည်။
ယင်းအပြင် ၂၀၂၅ ခုနှစ်တွင်လည်း တရုတ်အစိုးရက ကလေးစောင့်ရှောက်ရေး ထောက်ပံ့ကြေးများကို အခွန်ကင်းလွတ်ခွင့် ပြုခြင်းနှင့် နှစ်စဉ်ထောက်ပံ့ကြေးပေးခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
ကလေးမွေးဖွားနှုန်း ပြန်လည်တည်ငြိမ်စေရေးအတွက် ‘အိမ်ထောင်ပြုခြင်းနှင့် သားသမီးယူခြင်းအပေါ် အပြုသဘောဆောင်သည့် သဘောထားများ’ မြှင့်တင်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း တရုတ်ထိပ်သီးခေါင်းဆောင်များက ယမန်နှစ် ဒီဇင်ဘာလက ဗဟိုစီးပွားရေးညီလာခံတွင် ထပ်လောင်းကတိပြုခဲ့ကြသည်။
၁၉၈၀ မှ ၂၀၁၅ ခုနှစ်အထိ ကျင့်သုံးခဲ့သော တစ်အိမ်ထောင် ကလေးတစ်ဦးမူဝါဒနှင့် လျင်မြန်သော မြို့ပြဖြစ်ထွန်းမှု များကြောင့် တရုတ်နိုင်ငံ၏ ကလေးမွေးဖွားနှုန်းမှာ ဆယ်စုနှစ်နှင့်ချီ၍ ကျဆင်းလာနေခဲ့သည်။
၂၀၂၁ ခုနှစ်မှစတင်၍ လက်ရှိအချိန်အထိ တရုတ်နိုင်ငံတွင် အိမ်ထောင်တစ်ခုလျှင် ကလေး သုံးဦးအထိ ယူခွင့် ပြုထားသည်။
ကလေးစရိတ်နှင့် ပညာရေးစရိတ် ကြီးမားခြင်း၊ အလုပ်အကိုင် မရေရာခြင်းနှင့် နိုင်ငံ့စီးပွားရေး တိုးတက်မှု နှေးကွေးခြင်း တို့ကြောင့် တရုတ်လူငယ်များ အိမ်ထောင်ပြုရန် ဝန်လေးနေကြကြောင်း Reuters သတင်းတစ်ရပ်က ဖော်ပြသည်။
Source: Reuters







