BREAKING
December 2, 2025

စေတနာ့ဝန်ထမ်း ဖမ်းဆီးခံရပြီးနောက် ရင်ခုန်သံ သွေးလှူရှင်နှင့် လူနာတင်ယာဉ်အသင်း ကူညီမှုရပ်နား

December 1, 2025

ရင်ခုန်သံ သွေးလှူရှင်နှင့် အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအသင်းက စေတနာ့ဝန်ထမ်း လူငယ်တစ်ဦး ဖမ်းဆီးခံရပြီးနောက် အသင်း၏ကူညီမှုများကို ရက်အကန့်အသတ်မရှိ ရပ်နားထားကြောင်း အဆိုပါအသင်းထံမှ သိရသည်။

စေတနာ့ဝန်ထမ်းဖြစ်သူ ကိုဘုန်းမြတ်ကိုကိုသည် နိုဝင်ဘာလ ၂၉ရက်တွင် ရေဖြူမြို့နယ်၊ ကံပေါက်ဒေသသို့ ရုပ်အလောင်း သွားရောက်ပို့ဆောင်ပြီးအပြန်တွင် ကျောက်ကညာနှင့် ညင်းထွေးကျေးရွာကြားရှိ လမ်းပိုင်းတစ်နေရာ၌ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ် ဆောင်ခဲ့သည်။

ယင်းသို့ဖမ်းဆီးခံရပြီးနောက် ပရဟိတ အသင်းသူ၊ အသင်းသားအချို့နှင့် မိသားစုဝင်များက ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများတွင် အရေးပေါ်လူနာများကို သွားရောက်ကူညီသယ်ဆောင်ရန် စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း အသင်းမှ စေတနာ့ဝန်ထမ်းတစ်ဦးက ပြောသည်။

ထို့ကြောင့် အသင်း၏ ကူညီမှုများကို ရပ်နားထားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အခုကျွန်တော်တို့ အသင်းရုံး ပိတ်ထားလိုက်ပြီ။ လောလောဆယ် အရေးပေါ်လူနာကူညီသယ်ဆောင်ရေးနဲ့ သွေးလှူဒါန်းမှု တွေကို ရက်အကန့်အသတ်မရှိ ရပ်နားထားပါတယ်” ဟု အထက်ပါ ဝန်ထမ်းက ပြောဆိုသည်။

ကိုဘုန်းမြတ်ကိုကို ဖမ်းဆီးခံရသည်မှာ သုံးရက်မြောက်ရှိလာပြီဖြစ်ပြီး မည်သည့် လက်နက်ကိုင်အဖွဲ့က မည်သည့် အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားသည်တို့ကို မသိရသေးကြောင်း အသင်းထံမှ သိရသည်။

ထားဝယ်မြို့အခြေစိုက် အရေးပေါ်လူနာကူညီသယ်ဆောင်ရေး ပရဟိတအသင်းအဖွဲ့အချို့သည်လည်း ထားဝယ်မြို့တွင်းသာ အရေးပေါ်လူနာကူညီသယ်ဆောင်မှုများကို လုပ်ဆောင်နေပြီး မြို့ပြင်ပသို့ သွားရောက်ကူညီမှုကို ယာယီရပ်နားထား ကြောင်း အရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့အချို့ထံမှ စုံစမ်းသိရှိရသည်။

ကိုဘုန်းမြတ်ကိုကိုအား အမြန်ဆုံးပြန်လွတ်ပေးပါရန်လည်း တောင်းဆိုကြောင်း ရင်ခုန်သံ သွေးလှူရှင်နှင့် အရေးပေါ် လူနာကူညီသယ်ဆောင်ရေးအသင်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ရင်ခုန်သံ သွေးလှူရှင်နှင့် အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအသင်းကို ၂၀၀၅ ခုနှစ်တွင် စတင်တည်ထောင်ကာ သွေးအကူအညီပေးခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် အရေးပေါ်လူနာကူညီသယ်ဆောင်မှုများ စတင်လုပ်ခဲ့ကြောင်း အထက်ပါအသင်းထံမှ သိရသည်။