BREAKING
December 2, 2025

ထားဝယ်အကျဉ်းထောင်က နိုင်/ကျဉ်းများအပါအဝင် လွတ်ရက်စေ့ အကျဉ်းသား ၁၅ ဦး ယနေ့လွတ်

December 1, 2025

ဓာတ်ပုံ - Dawei Watch (ပုံဟောင်း)

ထားဝယ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားအများစုအပါအဝင် လွတ်ရက်စေ့ အကျဉ်းသူ အကျဉ်းသား ၁၅ ဦး ယနေ့(ဒီဇင်ဘာလ ၁ ရက်) နေ့တွင် လွတ်မြောက်လာကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူအချို့ထံမှ သိရသည်။

စစ်အုပ်စုက အဓမ္မဖမ်းဆီးထောင်ချထားသူများထဲမှ ယနေ့တွင် လွတ်ရက်စေ့သဖြင့် လွတ်မြောက်လာသူ ၁၅ ဦးရှိသည်ဟု ကနဦးသိရပြီး အမည်စာရင်းအတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသူဟောင်း တစ်ဦးက ပြောသည်။

“နာမည်စာရင်းတော့ ပြုစုနေတုန်းပဲ။ အပြင်ရောက်ကြပြီဆိုတော့ ဘယ်သူဘယ်ဝါလဲဆိုတာ ထပ်စုံစမ်းရဦးမယ်” ဟု ၎င်းက ဆိုသည်။

ထားဝယ်ထောင်မှ အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၇ ဦးလွတ်မြောက်လာကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောဆိုကြပြီး အသေးစိတ်သိနိုင်ရန် Dawei Watch အနေဖြင့် ထပ်မံစုံစမ်းနေဆဲဖြစ်သည်။

ပြန်လွတ်လာသူများအနက် နိုင်ငံရေးအကျဉ်းသားများဖြစ်ကြသည့် ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ တွဲဖက်ပြန်ကြားရေးတာဝန်ခံဟောင်း ကိုစိုးပြည့်အောင်၊ ထားဝယ်တက္ကသိုလ်ကျောင်းသူဟောင်း မစိုးမီမီကျော်၊ မဝတ်ရည်အေးနှင့် မသိမ့်သဇင်ဖူးတို့လည်း ပါဝင်ကြောင်း နီးစပ်သူတစ်ဦးက အတည်ပြုသည်။

“အိမ်ရောက်ကုန်ကြပါပြီ” ဟု ၎င်းက ဆိုသည်။

ကိုစိုးပြည့်အောင်နှင့် မစိုးမီမီကျော်တို့သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလက ဖမ်းဆီးခံရပြီး ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(ဂ)နှင့် ထောင်ဒဏ်၂ နှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)နှင့် ထောင်ဒဏ် ၅ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံရသူများဖြစ်သည်။

“လျှော့ရက်လည်း နည်းနည်းခံစားရပြီး စောလွတ်လာတယ်” ဟု ၎င်းတို့နှစ်ဦး၏ မိတ်ဆွေတစ်ဦးက ပြောသည်။

မဝတ်ရည်အေးနှင့် မသိမ့်သဇင်ဖူးတို့သည်လည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံရသူများဖြစ်ပြီး ၎င်းတို့ကို တရားစွဲဆိုခဲ့သည့် ပုဒ်မများနှင့်ပတ်သက်၍ အသေးစိတ်မသိရပေ။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်နေ့ကလည်း ၅၀၅-က ဖြင့် ထောင်ချခံထားရသူ နိုင်/ကျဉ်း ၅ ဦး စစ်အုပ်စု၏ လွတ်ငြိမ်းခွင့်ဖြင့် ထားဝယ်အကျဉ်းထောင်က လွတ်မြောက်လာခဲ့သည်။