ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့တွင် လေထုညစ်ညမ်းမှုရာသီ စတင်ဖြစ်လာပြီဖြစ်၍ ပြည်သူများ နှာခေါင်းစည်းတပ်ဆင်ကြရန် ထိုင်းအာဏာပိုင်များက သတိပေးလိုက်သည်။
ယနေ့ ဒီဇင်ဘာလ ၁ရက်နေ့ နံနက် ၆ နာရီမှစ၍ ဘန်ကောက်မြို့ရှိ မြို့နယ် ၄၈မြို့နယ်တွင် လေထုအရည်အသွေး PM 2.5 နှုန်းသည် ပုံမှန်အဆင့်ထက် ကျော်လွန်နေပြီဖြစ်ကြောင်း ထိုင်းပထဝီနှင့် အာကာသဆိုင်ရာအေဂျင်စီ (GISTDA) က ထုတ်ပြန်သည်။
PM 2.5 ဆိုသည်မှာ ၂ ဒသမ ၅ မိုင်ခရိုမီတာထက် သေးငယ်သော ဖုန်မှုန့်ကို ဆိုလိုပြီး ဘန်ကောက်မြို့ထဲတွင် တစ်ကုဗမီတာအတွင်း ၄၀ မှ ၆၀ မိုင်ခရိုဂရမ်ကြား (40µg/m³ – 60 µg/m³) ရှိနေသည်။
အစိုးရက သတ်မှတ်ထားသော လေထုစံနှုန်းမှာ တစ်ကုဗမီတာအတွင်း ၃၇ ဒသမ ၅ မိုင်ခရိုဂရမ် (37.5µg/m³) ဖြစ်သည်။
ဘန်ကောက်မြို့ရှိ လေထုအရည်အသွေး အနီရောင်အဆင့် ထုတ်ပြန်ထားသော မြို့နယ်များတွင် ဘန်ရတ်၊ စထွန်း၊ ရတ်ကရဘမ်၊ နောခမ်း၊ ဘန်ဘော်၊ ဘန်ခေး၊ ထဝီဝတ်ထန၊ တလင်းချန်း၊ ဖာစီချလွန်၊ ဘန်ခွန်ထီယမ်၊ ချွန်ထော်၊ ဘန်ကောက်နွိုင်၊ ဘန်ကောက်ယိုင်မြို့နယ်များ ပါဝင်နေသည်။
ဘန်ကောက်မြို့အပြင် စမွတ်စခွန်၊ စမွတ်စွန်ခရမ်နှင့် အခြားခရိုင် ၄၅ ခရိုင်တွင်လည်း လေထုညစ်ညမ်းမှုဒဏ်ကို ကြုံတွေ့နေရပြီဖြစ်ကြောင်း ဖော်ပြသည်။
ယင်းဒေသများတွင် လေထုအရည်အသွေး ပုံမှန်ထက် ကျဆင်းနေပြီး အဆုတ်နှင့်ဆိုင်သော ကျန်းမာရေးအခြေအနေ ထိခိုက်နိုင်ကြောင်း ဖော်ပြသည်။
လေထုထဲ ဖုန်မှုန့် ပါဝင်မှုနှုန်းသည် ထပ်မံမြင့်တက်လာနိုင်ပြီး လေထုအရည်အသွေး စတင်ကျဆင်းလာနေပြီဖြစ်သဖြင့် ပြည်သူ့ကျန်းမာရေး ထိခိုက်လာနိုင်ကြောင်း အာဏာပိုင်များက သတိပေးသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် အပြင်ထွက်ချိန် PM 2.5 ကို ကာကွယ်နိုင်သော နှာခေါင်းစည်းများ တပ်ဆင်ကြရန်နှင့် အပြင်သို့ သွားလာမှုကို လျော့ချကြရန် သတိပေးထားသည်။
အကယ်၍ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခြင်းနှင့် မျက်လုံးပြဿနာများဖြစ်ပေါ်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနတွင် ပြသရန် တိုက်တွန်းထားသည်။
ပြီးခဲ့သော ၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံတွင် လူ ၁၂ ဒသမ ၃ သန်းခန့်သည် လေထုညစ်ညမ်းမှုကြောင့် ဖြစ်စေသည့် ကျန်းမာရေးပြဿနာများ ခံစားခဲ့ရပြီး နိုင်ငံမြောက်ပိုင်းဒေသတွင် အဆိုးဆုံး ကြုံတွေ့ခဲ့ရကြောင်း ဖော်ပြသည်။
Ref: The Nation Thailand, Bangkok Post







