တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာ၊ ပနပ်ငယ်ရွာတွင် စစ်အာဏာရှင်တပ်သားများ သေနတ်ဖြင့် ပစ်ခတ်သဖြင့် ရော်ဘာတောင်သူဇနီးမောင်နှံနှစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများ၊ မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။
ယနေ့ ဒီဇင်ဘာလ ၁ရက် နံနက် ၆နာရီတွင် မော်တုန်းကျေးရွာအခြေစိုက် ၃၀၆ အမြောက်တပ်က စစ်အာဏာရှင် တပ်သားများသည် ပနပ်ငယ်ရွာဘက်သို့ ခြေလျင်ထွက်ချိန် သေနတ်ဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ပနပ်ငယ်ရွာက အသက် ၃၀ အရွယ် ဇနီးမောင်နှံသည် နေအိမ်မှ ရော်ဘာခြံသို့သွားစဉ် လမ်းတွင် စစ်အာဏာရှင် တပ်သားများက ပစ်ခတ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“သေနတ်သံကတော့ တစ်ချက်၊ နှစ်ချက်တည်း မဟုတ်ဘူး။ အများကြီး (ဆက်တိုက်) ကြားရတယ်။ ဒဏ်ရာရသွားတော့ အိမ်နီးနားချင်းတွေပဲ တနင်္သာရီဆေးရုံကို ပို့ပေးလိုက်တယ်” ဟု ၎င်းက ပြောဆိုသည်။
ခင်ပွန်းဖြစ်သူတွင် နောက်ကျောနှင့် လက်တို့တွင် ဒဏ်ရာရပြီး ဇနီးဖြစ်သူတွင် နောက်ကျောတွင် ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။
ဒဏ်ရာများသဖြင့် တနင်္သာရီဆေးရုံမှ မြိတ်ဆေးရုံသို့ လွှဲပြောင်းလိုက်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“သူတို့နှစ်ယောက်ကို စစ်သားတွေက ဘာအကြောင်းကြောင့် ပစ်လိုက်တာ မသိရသေးဘူး။ သူတို့က အိမ်နဲ့ ကော်ပတ်ခြံ (ရော်ဘာ) နဲ့ နည်းနည်းဝေးတယ်။ အပစ်ခံရတာက အိမ်နဲ့ ခြံကြားမှာ ပစ်ခံရတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။
စစ်အာဏာရှင်တပ်သားများသည် ပနပ်ငယ်ရွာဝန်းကျင်ရှိ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် နံနက် ၁၁နာရီဝန်းကျင်အထိ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။







