ဖိလစ်ပိုင်နိုင်ငံ၌ ရေကြီးမှုထိန်းချုပ်ရေးစီမံကိန်း အကျင့်ပျက်ခြစားမှုတွင် ပါဝင်ပတ်သက်နေသူများအား ဖမ်းဆီးထောင်ချရန် လူထောင်ပေါင်းများစွာ စုဝေး၍ မြို့တော်မနီလာတွင် နိုဝင်ဘာလ ၃၀ ရက်နေ့က ချီတက်ဆန္ဒပြခဲ့ကြသည်။
အဆိုပါ အကျင့်ပျက်ခြစားမှုအရှုပ်တော်ပုံအတွင်း အစိုးရအရာရှိများ ၊ လွှတ်တော်အမတ်များ ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များသည် အခွန်ထမ်းပြည်သူများ၏ ဘီလီယံနှင့် ချီသော ဒေါ်လာများစွာကို အလွဲသုံးစားပြုခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် စုံစမ်းစစ်ဆေးခံနေရသည်။
ဖိလစ်ပိုင်တွင် မကြာသေးမီ လများအတွင်း ပြင်းထန်သည့် တိုင်ဖွန်မုန်တိုင်းများကြောင့် မြို့ရွာများ အလုံးစုံရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့သည်။
ယင်းကြောင့် ရေကြီးမှုထိန်းချုပ်ရေး အမည်ခံကာ လက်တွေ့အကောင်အထည်ဖော်ခြင်း မရှိသည့် စီမံကိန်းများအပေါ် ပြည်သူများ၏ မကျေနပ်ချက်များ မြင့်တက်လာခြင်းဖြစ်သည်။
ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ်သည် ဇူလိုင်လက ၎င်း၏ နိုင်ငံတော်မိန့်ခွန်းတွင် အဓိကအကြောင်းအရာအဖြစ် နိုင်ငံအတွင်း ယင်းအကျင့်ပျက်ခြစားမှုအရှုပ်တော်ပုံကို ထုတ်ဖော်ပြောကြားခဲ့သည်။
အဆိုပါ အကျင့်ပျက်ခြစားမှုအရှုပ်တော်ပုံအတွင်း သမ္မတ၏ မိတ်ဘက်များနှင့် အတိုက်အခံများအပါအဝင် သမ္မတနှင့် ဝမ်းကွဲတော်စပ်သည့် လွှတ်တော်အမတ်တစ်ဦးပါ ပါဝင်ပတ်သက်နေကြောင်း သိရသည်။
တနင်္ဂနွေနေ့က ဆန္ဒပြပွဲတွင် သမ္မတအိမ်တော်သို့ သွားရာလမ်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ထားခဲ့သည်။
ရဲတပ်ဖွဲ့သည် အကျင့်ပျက်ခြစားသူများအား အကာအကွယ်ပေးသူများ ဖြစ်ကြောင်း ဆန္ဒပြသူများက ကြွေးကြော်အော်ဟစ်ခဲ့ကြသည်။
အဓိကရုဏ်းနှိမ်နှင်းရေးရဲများကလည်း ၎င်းတို့၏ ဒိုင်းကာများကို တဒုန်းဒုန်းရိုက်ကာ တုံ့ပြန်ခဲ့ကြသည်။
ဖိလစ်ပိုင်အစိုးရ၏ တရားဝင်ခန့်မှန်းဖော်ပြချက်အရ တနင်္ဂနွေနေ့က ဆန္ဒပြပွဲအတွင်း လူအရေအတွက် တစ်သောင်းခန့်ပါဝင်ခဲ့ပြီး ရဲအရာရှိ ၁၇,၀၀၀ ကျော်ကို မြို့အတွင်း နေရာချထားခဲ့ကြောင်း သိရသည်။
Source: AFP
ဓာတ်ပုံ – channelnewsasia







