BREAKING
December 3, 2025

မြိတ်မှ တနင်္သာရီသို့ ရိက္ခာပို့သွားသည့် စစ်အာဏာရှင်တပ်ကားနှစ်စီး မိုင်းဆွဲခံရ

December 1, 2025

မြိတ်မြို့မှ တနင်္သာရီမြို့နယ်သို့ ပို့ဆောင်မည့် စစ်အာဏာရှင်တပ်၏ ရိက္ခာကားနှစ်စီးကို တော်လှန်ရေးတပ်က မိုင်းနှစ်ကြိမ်ဆွဲ၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၃၀ရက်နေ့ နံနက် ၉ နာရီ ဝန်းကျင်တွင် မဇောကျေးရွာအုပ်စု တိုးဂိတ်အနီးတွင်တစ်ကြိမ်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် တုံးဗျောကျေးရွာအုပ်စု လသာရွာတွင် တစ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်နှင့်နီးစပ်သူက ဆိုသည်။

ရိက္ခာကားမတက်လာမီ တုံးဗျောရွာနှင့် မဇောရွာရှိ စစ်အာဏာရှင်တပ်သားများမှ လမ်းကင်းလာယူပေးထားသဖြင့် လမ်းကင်းယူသော တပ်သားများလည်း ထိခိုက်နိုင်ကြောင်း ၄င်းက ဆိုသည်။

“ကားမတက်လာမီ မိနစ် ၃၀ အလိုမှ လမ်းကင်းတွေ ထွက်လာပြီး လမ်းမတစ်လျှောက် လျှောက်သွားနေတယ်။ မိုင်းဆွဲလိုက်တာ လမ်းကင်းတွေက သေနတ်ငယ်နဲ့ ရမ်းသမ်းပစ်တယ်”ဟု အထက်ပါ နီးစပ်သူက ပြောသည်။

မိုင်းဆွဲသံကြားရပြီးနောက် တုံးဗျောရွာမှ ကျန်းမာရေးအထောက်အကူပြုကားနှစ်စီး မိုင်းဆွဲခံရသည့် စစ်အာဏာရှင်တပ်သားများရှိရာ လသာရွာသို့ မောင်းသွားသည်ကို တွေ့ရကြောင်းဒေသခံတစ်ဦးက ဆိုသည်။

“ဒဏ်ရာရသွားတဲ့ သူတွေကို သွားတင်တယ် ထင်တယ်။လမ်းကင်းတွေက ကားဖြတ်ပြီး မိနစ်အနည်းအကြာမှာ ပြန်ရုတ်သွားတယ်။ ကားတွေက တနင်္သာရီဘက်ကို ဆက်မောင်းသွားတယ်”ဟု အထက်ပါ ‌ဒေသခံက ပြောသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်အာဏာရှင်တပ်သားများ၏ ထိခိုက်မှုကို Dawei Watchအနေဖြင့် သီးခြားတည်ပြုနိုင်ခြင်း မရှိပေ။

စစ်အာဏာရှင်တပ်၏ ရိက္ခာကားနှစ်စီးသည် နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် မော်တုန်းရွာသို့ဖြတ်၍ တနင်္သာရီမြို့ဘက်သို့ ဦးတည်၍ မောင်းနှင်သွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။