စစ်အာဏာရှင်တပ်က လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာသို့ ထပ်မံစစ်ကြောင်းထိုးလာသဖြင့် စပါးရိတ်သိမ်းချိန်၊ ရော်ဘာစေးခြစ်ချိန်တွင် ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရကြောင်း စုံစမ်းသိရှိရသည်။
လောင်းလုံးမြို့ပေါ်မှတစ်ဆင့် စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်သည် ယနေ့ (ဒီဇင်ဘာ ၁) နံနက် ၅ နာရီခန့်တွင် စစ်ပြဲကျေးရွာသို့ ရောက်ရှိလာကြောင်း ဒေသခံအချို့ကပြောသည်။
ယင်းအတွက်ကြောင့် စစ်ပြဲနှင့် ညင်းမော်ကျေးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“ကျွန်တော်တို့ မိုးသောက်အချိန်ကတည်းက ထပြေးနေကြရတယ်” ဟု စစ်ပြဲ ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။
လက်ရှိအချိန်တွင် ရော်ဘာတောင်သူများ အစေးခြစ်နေကြပြီး လယ်သမားများမှာလည်း စပါးရိတ်သိမ်းနေသည့် အချိန်ဖြစ်ရာ စစ်ကြောင်းဝင်လာသဖြင့် လုပ်လက်စအလုပ်များ ထားပစ်၍ထွက်ပြေးနေကြရခြင်းဖြစ်သည်။
စစ်အာဏာရှင်တပ်က ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့မှစပြီး ညင်းမော်၊ စစ်ပြဲကျေးရွာတို့ဘက် စစ်ကြောင်းထိုးလာပြီး ညင်းမော်ရွာထဲ တပ်စွဲထားသဖြင့် ဒေသခံများ နှစ်ပတ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသေးသည်။
ညင်းမော်ကျေးရွာရှိ အချို့ဒေသခံများမှာ ယနေ့အချိန်အထိ အိမ်မပြန်နိုင်ကြသေးသဖြင့် တိမ်းရှောင်နေရသည်မှာ ရက်ပေါင်း ၂၀ ကျော်ကြာလာပြီဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။
“သူတို့(စစ်အာဏာရှင်တပ်က) လက်နက်ကြီးနဲ့ လောင်းလုံးကနေ ခဏခဏပစ်နေတော့ နေ့ဖက်ခဏတဖြုတ်သွားကြည့်ပြီး ညဘက်ဆို ပြန်ပြီးပြေးပြေးလာနေရတာ” ဟု ညင်းမော်ကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ထိုကဲ့သို့ မကြာခဏပြေးလွှာနေကြရသဖြင့် လယ်သမားအချို့မှာ ရိတ်သိမ်းချိန် ကျော်နေပြီဖြစ်သော်လည်း စပါးမရိတ်နိုင်သေးဘဲဖြစ်နေကြကြောင်း ဒေသခံတို့ကပြောသည်။
အလားတူ ရော်ဘာခြစ်တောင်သူတို့မှာလည်း အစေးခြစ်နားနေကြရသည်။
“ကော်ခြေး(ရော်ဘာချီး) နှစ်ရက်လောက်ခြစ်ပြီးကတည်းက ပြေးနေရတာဆိုတော့ အလုပ်သမားတွေလည်း မလုပ်တော့ဘူးဆိုပြီး ထွက်ကုန်ပြီ။ အခုချိန်က ရာသီဥတုအရမ်းအေးတဲ့အချိန် ရော်ဘာထွက် အကောင်းဆုံးအချိန်မှာ ပြေးနေရတာ။ ဘာမှလုပ်ချင်စိတ်မရှိတော့ဘူး” ဟုဒေသခံတစ်ဦးကဆိုသည်။
ယနေ့ နံနက် ၉ နာရီကျော်အချိန် နောက်ဆုံးမေးမြန်းချက်အရ စစ်အာဏာရှင်တပ်မှာ စစ်ပြဲကျေးရွာရှိ ဘုန်းကြီးကျောင်းအချို့တွင် နေရာယူထားကြကြောင်း ဒေသခံတို့က ပြောဆိုကြသည်။
စစ်အာဏာရှင်တပ်သည် လူဦးရေစာရင်းကောက်ရန် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း ဒေသခံတို့အကြား ပြောဆိုနေသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။







