BREAKING
November 1, 2025

ခိုရာနတ္ထိ တောမရှိသော်

November 1, 2025

ယနေ့မြန်မာ့နိုင်ငံရေး မိုးလေဝသအခြေအနေများအရ ‘တောခို’ ဟူသော စကားလုံးမှာ နေရာအချို့တွင် အသုံးတည့် အသုံးတွင်ဆဲဖြစ်၏။

ထိုစကားလုံး၏ အဓိပ္ပာယ်ကိုတွေးကြည့်လျှင် တောတောင်ရှိရာ အရပ်သို့သွား၍ ခိုမှီး၏ ဟု ရိုးရိုးပင် နားလည်နိုင်သော်လည်း နိုင်ငံရေး အဓိပ္ပာယ် အရမူ ဦးတည်ချက်တခုခုဖြင့် ရန်ဘေးလွတ်ရာ အရပ်သို့သွားရောက်ခိုမှီးကာ အလိုရှိရာ ဆန္ဒပြည့်မြောက်အောင် အားထုတ်ခြင်းမျိုး ဖြစ်သည်ကို အများစု သဘောပေါက်ကြပြီး ဖြစ်သည်။

ဆွေးနွေးလိုသည်မှာ ခိုစရာတောအကြောင်းဖြစ်သည်။ တော ဟူသည်ကို ယင်း၏ အနက်အတိုင်း သစ်ပင်များထူထပ်စွာပေါက်နေသည့် ပကတိ တောအုပ်ကြီးဟုလည်း မြင်နိုင်သလို တော သည်ပင် အကာအကွယ်၊ ခိုလှုံရာ၊ အစာပေးရာ၊ တည်းခိုစရာနေရာ၊ သဘာဝသယံဇာတ အစရှိသည့် အဖိုးတန် အရင်းအမြစ် တခု အဖြစ် ရှုမြင်နိုင်သည်။

တောခိုသူတို့သည် တောကို အရင်းပြုကာ အလိုရှိရာကို ကြိုးပမ်းတည်ဆောက် ကြလေ့ရှိသည်။ ဤတွင် တော၏ အရေးကြီးသော အခန်းကဏ္ဍကို သတိချပ်ရမည် ဖြစ်ပြီး တောကို အသုံးချခံ အရင်းအမြစ်တခုသက်သက် ထက်ပိုသော ရှုမြင်နားလည်မှုမျိုး ရှိမှရမည်ဖြစ်သည်။

အဘယ်ကြောင့်နည်း။ တောပျက်သွားသောအခါ တောခိုသူတို့လည်း အခက်တွေ့မည်ဖြစ်သည်။ မြန်မာ စစ်တပ်၏ ဖြတ် (၄) ဖြတ်ကို သိကြသည်။ သို့သော် ခေတ်အဆက်ဆက်တော်လှန်ရေးတပ်အချို့က တောကို အမှီပြုကာ ထို ဖြတ်ခြင်းများကို အန်တုခဲ့သည်။

တော၏ အရင်းအမြစ်များဖြင့် တော်လှန်ရေးကို အသက်ဆက်တည်ဆောက်ခဲ့ကြသည်။ သို့သော် မေးစရာရှိသည်မှာ တော မရှိတော့လျှင် မည်သို့ကြုံရမည်နည်း ဟူသော ပုစ္ဆာဖြစ်သည်။ တောသည် သုံးတတ်လျှင် ရေရှည်သုံးနိုင်သော်လည်း အကန့်အသတ်မဲ့ မဟုတ်ပေ။ တောပြုန်း ဟူသော ဝေါဟာရသည် တွင်ကျယ်နေနှင့်ပြီးဖြစ်သည်။ ထို့ကြောင့်တောကို မည်သို့ သုံးနေသနည်းဆိုက စကြည့်၍ ရေရှည် စဉ်းစားကြရမည်ဖြစ်သည်။

ပထမ တခုမှာ တောတောင် သဘာဝသယံဇာတ အရင်းအမြစ်များကို ထုတ်ယူခြင်းဖြင့် ဘဏ္ဍာငွေရှာခြင်းဖြစ်ပြီး ဒုတိယနည်းမှာ တော၏ ပထဝီအနေအထား အပေါ်မူတည်၍ ဝင်ငွေ ရခြင်းမျိုးဖြစ်သည်။

ဥပမာ သတ္တုတူးခြင်း၊ သစ်ထုတ်ခြင်းတို့မှာ မြင်သာလှသော ပထမနည်းဖြစ်ပြီး လမ်းကြောင်း နယ်မြေအချို့တွင် ဂိတ်ချ၍ အခွန်ကောက်ခြင်းမှာ လည်းနည်းတစ်မျိုးဖြစ်သည်။ နည်းနှစ်ခုစလုံးသည် ငွေရရန်ဖြစ်သော်လည်း တည်ငြိမ်လှသော ဝင်ငွေရင်းမြစ် မဟုတ်နိုင်ပေ။ မကိုင်တွယ်တတ်လျှင် တောခိုခြင်း၏ ရည်မှန်းချက်ပင် ပျက်သွားနိုင်သည့် အနေအထားမျိုးဖြစ်သည်။

ပထမနည်းတွင် အထိန်းအကွပ်မဲ့ခြင်း၊ ရေရှည်ထိန်းသိမ်းလုပ်ကိုင်ရန် အမျှော်အမြင် အစီအစဉ်မရှိခြင်း၊ အကျင့်ပျက်ချစားမှုများရှိခြင်း၊ ရရှိလာသော ဘဏ္ဍာများကို အလေအလွင့်မရှိ စနစ်တကျ ထိရောက်စွာသုံးနိုင်မှု မရှိခြင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများ လျော့ပါးရေးနှင့် နည်းလမ်းတကျ ကိုင်တွယ်နိုင်ရေး အစီအမံများမရှိခြင်း နှင့် အခြားသော ထည့်သွင်းစဉ်းစားရမည့် အရာများကို ဥပေက္ခာပြုထားလျှင် တောခိုသည့်ရည်မှန်းချက်ကို အကောင်အထည်ဖော် နိုင်ရန်ခဲ ယဉ်းသွား တတ်သည်။

သစ်ထုတ်မှုများ၊ သတ္တုတူးဖော်မှုများကို အထိန်းအကွပ်အားနည်းစွာခွင့်ပြုလျှင် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးပေမည်။ ထိုလုပ်ငန်းများရှိရာအရပ်ကို အုပ်စိုးခွင့်ရနေသူများက အကျင့်ပျက်ချစားလျှင် ယင်းတို့၏ ကိုယ်ကျိုးနွယ်သော လုပ်ဆောင်မှုများကြောင့် တော်လှန်ရေးထိခိုက်မည်ဖြစ်သည်။

ရရှိလာသော ဘဏ္ဍာငွေများကို စနစ်တကျ မသုံးတတ်လျှင်လည်း အလေအလွင့်ဖြစ်ကာ ဆုံးရှုံးနိုင်၏။ ပိုဆိုးသည်က သဘာဝပတ်ဝန်းကျင်ပျက်မှုကို ခံစားရသော ပြည်သူများ၏ ယုံကြည်မှု၊ ထောက်ခံမှုကို ဆုံးရှုံးသွားနိုင်ခြင်းပင်။ တော်လှန်ရေးတွင် လူထုထောက်ခံမှုမရခြင်းမှာ ကြီးမားသော ထိုးနှက်မှုကြီးပင် ဖြစ်ပေမည်။ ထို့ကြောင့် တောကို မည်သို့ စီမံခန့်ခွဲမည်နည်း ဆိုသည်က တောခိုသူများအဖို့ မဖြစ်မနေ စဉ်းစားကြံစည်၍ ကျကျနန လုပ်ကိုင်ရမည့် အရာလည်းဖြစ်နေသည်။

ပညာရှင်အချို့ထောက်ပြကြသော တောပြုန်း သာဓက အချို့လည်းရှိသည်။ အချို့သော တော်လှန်ရေး အဖွဲ့များသည် အပစ်ခတ်ရပ်စဲသော အချိန်၌ စီးပွားရေးကို အားထည့်ကာ အဖွဲ့တောင့်တင်းရေး လုပ်ကြကြောင်း၊ သို့ရာတွင် အထက်တွင်ဆွေးနွေးခဲ့သလို အားနည်းချက်များရှိသောကြောင့် အဖွဲ့အနေဖြင့် တောင့်တင်းလာရန် မသေချာသော်လည်း အဖွဲ့တွင်း အက်ကြောင်းများပေါ်လာကြောင်း၊ အချို့သော အဖွဲ့သားများသည် ကြွယ်ဝလာ၍ နေရာပိုရလာကြောင်း၊ ပြည်သူများမှာ ပတ်ဝန်းကျင် ပျက်စီးမှု အကျိုးဆက်ပိုခံစားလာရကြောင်း၊ အဖွဲ့၏ တောခိုရာ နေရာအများအပြားမှာလည်း ပုဂ္ဂလိက ပိုင် နေရာများဖြစ်လာကြောင်း၊ တော်လှန်ရေးအတွက် တောခိုခဲ့သော သူများမှာလည်း ယင်းတို့၏ ခေါင်းဆောင်အချို့က အမိန့်ပေးသဖြင့် ပုဂ္ဂလိက လုပ်ငန်းများအတွက် လုံခြုံရေး အစောင့်ဘဝသဖွယ် ဖြစ်လာရသောကြောင့် စိတ်ပျက်ကြရကြောင်း များပါ ကြားသိရသည်။

အထက်ပါအခြေအနေမှာ အပစ်အခတ်ရပ်စဲထားသည့် အချိန်တွင်ဖြစ်၏။ အကယ်၍ စစ်ကာလတွင်း ဆိုလျှင်ကား အရာရာကို မြန်မြန် လောလော လုပ်ကြရလေ့ရှိသဖြင့် သစ်ဆိုလျှင်လည်း အမြန်ခုတ်၊ သတ္တုဆိုလျှင်လည်း အခြေအနေပေးတုန်း အလျင်တူး၊ နောက်ကိစ္စ နောက်ထား၊ နောက်မှ ကြည့်ဖြေရှင်းမယ် လုပ်ကြလေ့ရှိလျှင် တောပျက်ဖို့သာ များပေမည်။

တောပျက်လာသောအခါ ထိုတောကို မှီ၍နေရသော ပြည်သူများအဖို့ ဒုက္ခရောက်၍ ရေကြည်ရာ အဆင်ပြေရာသို့ ရွှေ့ကြမည်ဖြစ်သည်။ ထိုအခါမျိုးတွင် တောခိုသူများကို ပြည်သူများကလည်း ထောက်ခံမှုကျ၊ လူအများက အခြားနယ်သို့ ရွှေ့ကြသဖြင့် တော်လှန်ရေးတွင် လူအား၊ အခွန်အား အားနည်း ယုတ်လျော့ လာနိုင်ပေသည်။

ဤနေရာတွင် မေးစရာရှိသည်မှာ ငွေပေါ်လွယ်သော သစ်ထုတ်၊ သတ္တုတူးခြင်းမှ ဒေသနေ ပြည်သူများလည်း ငွေကြေး အဆင်ပြေမည် မဟုတ်လောဟုဖြစ်သည်။ သို့ရာတွင် ဒေသနေ ပြည်သူတိုင်းသည် အဆိုပါ သစ်ထုတ် သတ္တုတူးခြင်းအပေါ် အမှီပြု၍ ဝမ်းကျောင်းခြင်း မဟုတ်သည်ကို သတိပြုရမည်ဖြစ်သည်။ တနင်္သာရီတွင်ဆိုလျှင် စိုက်ပျိုးရေးကို မှီခိုသော သူများစွာ ရှိ၏။

ထိုသူများအဖို့ သဘာဝပတ်ဝန်းကျင် ရေမြေ ဥတုကောင်းမှသာ ရေရှည်အဆင်ပြေ၏။ သဘာဝ ရေမြေပျက်လျှင် သူတို့ အတွက် ရေရှည်ရပ်တည်ရန် အဆင်မပြေနိုင်ပေ။ ရပ်ရွာတချို့သည် သစ်ထုတ် သတ္တုတူးသည်ကို အမှီပြုသည် ဆိုဦးတော့ ထိုသယံဇာတများကုန်ခမ်းသွားလျှင် နေရာတခုမှ တခုသို့ ရွှေ့ပြောင်း လုပ်ကိုင်ကြမည့်သဘာဝရှိလေသည်။ နောက်တခုထောက်ပြကြသည်မှာ သတ္တုလာတူးသူတို့သည့် အချို့နေရာများ၌ ဒေသခံများမဟုတ်သဖြင့် သူတို့အနေဖြင့် အကျိုးစီးပွား တွက်ချေကိုက်အောင် လုပ်မည်ဖြစ်ပြီး ပတ်ဝန်းကျင်ထိခိုက်မှုကို ဂရုမစိုက်ဟုသော အချက်ဖြစ်သည်။

အရေးကြီးဆုံး ပုစ္ဆာမှာ တောကို အသုံးချမှု မှားယွင်းသဖြင့် ရေရှည်တွင် မိမိတို့ ခိုရာတောသည် တောပျက်ကြီးဖြစ်လာကာ ဖုန်းဆိုးမြေဖြစ်သွားခဲ့လျှင်၊ သဘာဝပျက်ယွင်း၍ အဆိပ်သင့် နေသော အရပ်ဖြစ်လာခဲ့လျှင်၊ လူသူလေးပါ မနေနိုင်၊ မနေအပ်တော့သော အရပ်မျိုး ဖြစ်လာခဲ့လျှင် လက်ခံ နိုင်ပါမည်လောဟူသော အမေးဖြစ်သည်။

တချိန်တွင် နိုင်ငံရေးအရ မိမိ၏ တောကို လွတ်လပ်စွာ အနှောင့်အယှက်ကင်းကင်း စီမံခွင့်ရလာချိန်တွင် ပြဿနာဗလပွနှင့် တောပျက်ကြီးကို ပြန်လည်ကုစားရမည့်အရေးကိုလည်း ကြို၍ မျှော်မြင်ထားရမည် ဖြစ်သည်။

အခွန်အခမှ ရသည့်ငွေဖြင့် တော်လှန်ရေးကို အသက်ဆက်မည်ဆိုသော်လည်း ရေရှည် အမျှော်အမြင် နှင့် ထိရောက်သော အစီအမံမျိုး မရှိလျှင် အဆိုးဆုံးအခြေအနေတွင် တောကို လက်လွှတ်လိုက်ရပြီး ခိုစရာတောမရှိတော့ဘဲ တောပြုန်းသွားသော အနေအထားမျိုး ကြုံရမည်ဖြစ်သည်။ ခိုရာနတ္တိ တောမရှိလျှင် ခက်ကုန်ပေလိမ့်မည်။

ရုက္ခမိုးဃ်