ထားဝယ်တန်ဆောင်တိုင် ဘုရားလှည့်ပွဲတော်အတွက် လျှပ်စစ်အလှဆင်ပစ္စည်းများ ယမန်နှစ်ထက် အရောင်းသွက်ကြောင်း လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များထံမှ သိရသည်။
ယခုနှစ် တန်ဆောင်တိုင်ဘုရားလှည့်ပွဲကို ညဘက်တွင် ပြန်လည်ကျင်းပမည်ဖြစ်၍ ဘုရားလှည့်ရာတွင် အသုံးပြုမည့် ဘုရားတံဂဲ၊ မီးဖောင်နှင့် ဘုရားစံကျောင်းများ၊ ရပ်ကွက်လမ်းများတွင် အလှဆင်မည့် လျှပ်စစ်မီးများကို ပိုမိုပြင်ဆင်လာကြောင်း ရပ်ကွက် ဘုရားဂေါပကများနှင့် မြို့ခံများက ပြောသည်။
“ဘုရားတံကဲတွေကတော့ ရပ်ကွက်တိုင်းနီးပါး အခုနှစ်မှာ မီးတွေ အလှဆင်တာ သေသေချာချာပြန်လုပ်ထားတယ်။ အစ်ကိုတို့ ရပ်ကွက်မှာဆိုရင်လည်း အခုနှစ် ဘုရားတံကဲ လျှပ်စစ်မီးအတွက် (ကျပ်) သိန်း ခြောက်ဆယ်လောက် အသစ်ထပ်ပြင်ဆင်ထားတယ်” ဟု မြို့ပေါ်ရပ်ကွက် ဘုရားဂေါပကတစ်ဦးက ဆိုသည်။
ယင်းအပြင် ထားဝယ်ကမ်းနားလမ်းတွင်လည်း တန်ဆောင်တိုင်ကာလအတွက် လမ်းမတစ်လျှောက် ပေ ၁၂၀၀ ခန့်ကို လမ်းမီးအလှပြင်ဆင်ထားသည်ကို တွေ့ရသည်။
ပြီးခဲ့သည့် သီတင်းကျွတ်ကာလထက် ယခုတန်ဆောင်တိုင်ကာလတွင် လျှပ်စစ်မီးအလှဆင်ပစ္စည်း ပိုအရောင်းသွက် လာကြောင်း ထားဝယ်မြို့ပေါ်က လျှပ်စစ်ပစ္စည်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။
“မြို့ပေါ်ရပ်ကွက်တွေက ဘုရားပြင်ဆင်မယ့်သူတွေအားလုံး လာဝယ်ကြတယ်။ နယ်ဘုရားလှည့်မယ့်သူတွေကတော့ တဖြည်းဖြည်း လာဝယ်နေကြတယ်။ အရောင်းသွက်တယ်ဆိုပေမယ့် ကိုဗစ် မတိုင်မီကလောက်တော့ မရောင်းရဘူးလေ။ အခုရောင်းရတာက အဲဒီတုန်းက ရောင်းအား သုံးပုံတစ်ပုံပဲရှိတယ်” ဟု ၎င်းက ပြောသည်။
ထားဝယ်ဘုရားလှည့်ပွဲပြီး နောက်တစ်ရက် လပြည့်ညတွင် ကျင်းပသည့် ထားဝယ်ခရိုင်ထဲက သက်တမ်းရှည် ဘုရားလှည့်ပွဲ များဖြစ်သည့် ညောင်ဇင်၊ ကံပေါက် စသည့် ဘုရားလှည့်ပွဲများမှာ အခြေအနေအရပ်ရပ်ကြောင့် ညဘက် မပြုလုပ်တော့ဘဲ နေ့ဘက်သာ ပြုလုပ်ကြတော့သဖြင့် လျှပ်စစ်မီး အလှဆင်မှုကို လျှော့ချလိုက်ကြောင်း ဒေသခံများက ပြောဆိုသည်။
ထားဝယ်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်ပွဲကို နိုဝင်ဘာလ ၃ရက်ညတွင် ဘုရားတံကဲနှင့် မီးဖောင်များတွင် လျှပ်စစ်မီးများအလှဆင်၍ ညလုံးပေါက် လှည့်လည်ကျင်းပမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့များထံမှ သိရသည်။







