BREAKING
November 1, 2025

တနင်္သာရီတွင် ကျေးရွာလေးရွာက စစ်ရှောင်များ အစားအသောက်နှင့် အဝတ်အစား အရေးပေါ်လို

November 1, 2025

ပုံစာ - တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်အချို့ကို တွေ့ရစဉ်(ပုံဟောင်း)

တနင်္သာရီမြို့နယ်၊ လေးမိုင်ရွာဝန်းကျင်တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲပြင်းထန်နေသဖြင့် ကျေးရွာလေးရွာမှ ဒေသခံများ တိမ်းရှောင်နေရပြီး အစားအသောက်နှင့် အဝတ်အစားများ အရေးပေါ်လိုအပ်နေကြောင်း ဒေသခံများနှင့် စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။

အောက်တိုဘာလ ၂၇ရက်ကစတင်ကာ စစ်အာဏာရှင်တပ်က လေးမိုင်ရွာဝန်းကျင်ကို စစ်ကြောင်းထိုးလာသဖြင့် တော်လှန်‌ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင်ရှိ ကျေးရွာလေးရွာမှ ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးကြရကြောင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောသည်။

လေးမိုင်ရွာ အပါအဝင် ဖာနီရွာ၊ ဒူးကြိုးရွာနှင့် ရေခမ်းချောင်းရွာမှ ‌ဒေသခံ ၅၀၀ ကျော် စစ်‌ဘေးရှောင်နေရကြောင်း ၎င်းက ဆိုသည်။

“တချို့တွေက အရေးပေါ် ‌ရှောင်လာကြရတယ်။ တချို့ကလည်း ယူခင် (ယူလို့အချိန်မီ) တော့ ပစ္စည်းတွေ ပါလာကြတယ်။ လက်ရှိအနေအထားမှာက ရွာလည်းပြန်မရသေးတော့ စားနပ်ရိက္ခာက ပိုပြီးလိုအပ်နေတယ်” ဟု အထက်ပါစစ်ရှောင် ကူညီနေသူက ပြောဆိုသည်။

အဆိုပါစစ်ရှောင်များမှာ ခြေလျင်ထွက်ပြေးလာကြပြီး လမ်းခရီးတစ်ဝက်တွင် အနီးအနားရှိ ဒေသခံများက ကားဖြင့် သွားကြိုကြသည့်အတွက် နီးစပ်ရာဆွေမျိုးများနှင့် အဆောက်အအုံအလွတ်များတွင် နေထိုင်ကြကြောင်း ဒေသခံများက ဆိုသည်။

စစ်ရှောင်ရမည့် ရက်ကြာလာပါက နေထိုင်သည့် အဆောက်အအုံလိုအပ်ချက်အပါအဝင် စားနပ်ရိက္ခာလိုအပ်ချက်ပါ များလာမည်ဖြစ်ကြောင်း လေးမိုင်ရွာနှင့်မနီးမဝေးရှိ တကူကျေးရွာအုပ်စုနေ ဒေသခံတစ်ဦးက ပြောသည်။

“တစ်ပတ်နီးပါး ရှိ(ကြာ)တဲ့ စစ်ရှောင်တွေလည်း ရှိတယ်။ အခုက စစ်ကောင်စီဘက်က အင်အားဖြည့်တင်းပြီး စစ်ကြောင်းက ထပ်ထိုးလာနေတော့ လိုအပ်ချက်တွေ ရှိလာနိုင်သေးတယ်” ဟု ၎င်းက ပြောဆိုသည်။

အောက်တိုဘာလ ၂၇ ရက်မှ ၃၁ရက်အတွင်း တိုက်ပွဲများ တောက်လျှောက်ပြင်းထန်ခဲ့ပြီး စစ်အာဏာရှင်တပ်က လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် လေးမိုင်ရွာတွင် နေအိမ်တစ်ဆောင် မီးလောင်ပြီး ကရင်လူမျိုးတစ်ဦး သေဆုံးခဲ့သည်။

ထို့အပြင် အောက်တိုဘာလ ၂၈ရက်ကလည်း လေးမိုင်ရွာသို့ ခေတ္တပြန်လာသည့် ဒေသခံတစ်ဦး စစ်အာဏာရှင်တပ် စစ်ကြောင်းနှင့်တွေ့ပြီး ပစ်သတ်ခဲ့သလို ကျေးရွာရှိ နေအိမ်သုံးဆောင်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။