ကလိန်အောင် – မလွှဲတောင် လမ်းပိုင်း ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာများက ရော်ဘာခြံများတွင် ယခုနှစ်ပွင့်လင်းရာသီအတွက် လုပ်သားခေါ်ယူရအခက်အခဲကြုံနေရကြောင်း ရော်ဘာခြံရှင်များထံမှ သိရသည်။
ပွင့်လင်းရာသီ အစ ရော်ဘာခြံလုပ်ငန်းများစတင် လုပ်ကိုင်နေပြီဖြစ်သော်လည်း ဒေသခံမဟုတ်သည့် အလုပ်သမားများဖြင့် လုပ်ကိုင်သည့် ခြံများ မလည်ပတ်နိုင်သေးကြောင်း ၎င်းတို့ကပြောသည်။
ကလိန်အောင် – မလွှဲတောင်လမ်းပိုင်း၌ ယခုနှစ် သြဂုတ်လတွင် စစ်အာဏာရှင်တပ် နှင့် တော်လှန်ရေးအင်အားစုများအကြား စစ်ရေးတင်းမာမှု အရှိန်မြင့်ပြီး ပြည်ထောင်စုကားလမ်းမပိတ်သည့်အထိ တိုက်ပွဲများပြင်းထန်ခဲ့သည် ။
ယင်းတိုက်ပွဲများ နှင့် တိုက်ပွဲမတိုင်မီ ကာလများတွင် စစ်အာဏာရှင်တပ် ၏ လက်နက်ကြီး ပစ်ခတ်မှု များကြောင့် ကလေးငယ်များအပါအဝင် ရော်ဘာခြံလုပ်သားများ ၏ မိသားစုဝင် ငါးဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရခဲ့သေးသည် ။
“အလုပ်သမားတွေက မလာရဲကြတော့ဘူးလေ အရင်က နေခဲ့ဖူးတဲ့သူတွေတောင်ပြန်သွားကြတယ် ။ ကိုယ်တိုင် မလုပ်နိုင်တဲ့သူတွေတော့ ခြံပစ်ထားရတာပေါ့ ” ဟု ကလိန်အောင် – မလွှဲတောင်လမ်းပိုင်း က ရော်ဘာခြံရှင်တစ်ဦးက ပြောသည် ။
နှစ်ဖက်တိုက်ပွဲများ စက်တင်ဘာလဆန်းတွင် ရပ်နားသွားခဲ့သော်လည်း စစ်အာဏာရှင်တပ်ဘက်က ရာဖူးရွာ နှင့် လော့သိုင်းရွာ ဝန်းကျင်တွင် နေရာယူထားသလို တော်လှန်ရေး မဟာမိတ်များလည်း ယင်းလမ်းပိုင်း ရှိ ဧရိယာအချို့တွင် ဆက်ရှိနေဆဲ ဖြစ်သဖြင့် အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်သည့် အခြေအနေရှိကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည် ။
“နယ်မြေပြန်ရှင်းထားတာတော့ မရှိဘူး။ မဟာမိတ် တော်လှန်ရေးတပ်တွေ ဆက်နေရာ ယူထားတာ ရှိတယ် ။ စစ်ရေး ငြိမ်နေလို့ ရွာသားတွေ ခြံပြန်ဝင်နေကြတယ် ” ဟု မွန် ကရင် ထားဝယ်တော်လှန်ရေးအင်အားစုတွင် ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့တစ်ခု၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးကပြောသည် ။
ကလိန်အောင် – မလွှဲတောင်လမ်းပိုင်း ရှိ ရွာအားလုံးနီးပါး ရွာသားများနေရပ်ပြန်နေကြပြီဖြစ်ပြီး ခြံလုပ်ငန်းများလည်း ပြန်လည်နေကြပြီဟု ရွာသားများကပြောသည် ။
” ခြံအများစုကတော့ ပြန်လုပ်နေကြပြီ ။ ညဘက်ဆိုရင်တော့ ၈ နာရီလောက်အထိ သွားလာလို့ရတယ် ။ လမ်းပေါ်တော့မရဘူး ၊ ကိုယ့်ခြံထဲပဲ သွားရတယ် ။ မနက် ဆိုတော့ စောစောထ(ရော်ဘာအစေး) ခြစ်ရတာပေါ့ ။ တိုက်ပွဲတွေလည်းငြိမ်နေတော့ လက်နက်ကြီးပစ်တာလည်း မရှိသေးဘူး ” ဟု ကလိန်အောင်မြို့ အနီး မရမ်းချောင်းရွာက ရော်ဘာခြံတစ်ခြံမှ အလုပ်သမားတစ်ဦးကပြောသည် ။
ကလိန်အောင် – မလွှဲတောင် လမ်းပိုင်း ရှိ ကျေးရွာများ တွင် ရော်ဘာခြံ ကို အဓိကစိုက်ပျိုးကြပြီး ကွမ်းသီး နှင့် ဒူးရင်းသီး စိုက်ပျိုးသူလည်း အနည်းငယ် ရှိကြောင်း ဒေသခံစိုက်ပျိုးရေးသမားများထံမှသိရသည် ။







