တန်ဆောင်တိုင်ပွဲတော်ကာလများဖြစ်သည့် နိုဝင်ဘာလလ ၃ ရက်နှင့် ၄ ရက်တို့တွင် တနင်္သာရီအပါအဝင် နိုင်ငံတဝန်း မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထုတ်ပြန်ထားသည်။
အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်၊ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်လာနိုင်သည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန် ကြောင့် နိုဝင်ဘာပထမအပတ်အတွင်း မိုးရွာသွန်းနိုင်ကြောင်း မိုးဇလက ဆိုသည်။
နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအချို့တွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။
ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့များ၌ နိုဝင်ဘာလ ၃ ရက်နှင့် ၄ ရက် ညတို့တွင် နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲများ ကျင်းပရန်စီစဥ်ထားသည်။
“ဘုရားတံကဲတွေအတွက်တော့ အမိုးကုတ်တွေ၊ တာလပါပိုင်းတွေ ကြိုစီစဥ်ထားတယ်။ ဘုရားပို့တဲ့နေ့က မိုးမိထားတော့ ကြိုပြင်ဆင်ထားတယ်” ဟု ထားဝယ်မြို့ပေါ်ရပ်ကွက်တစ်ခုက ဂေါပကတစ်ဦးက ပြောသည်။
မြိတ်မြို့တွင်လည်း ဘုရားငါးဆူကွင်း၌ ဘုရားများပူဇော်ခံထားပြီးဖြစ်ပြီး မိုးရွာသွန်းနေသော်လည်း ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းထားသဖြင့် ဘုရားပွဲလာသူများ စည်ကားနေကြောင်း မြို့ခံတစ်ဦးက ဆိုသည်။
တန်ဆောင်တိုင်ပွဲတော်ကာလတွင် ယခင်ကလည်း မိုးရွာဖူးသဖြင့် ဘုရားဖောင်တော်များနှင့် လျှပ်စစ်အလှဆင်မီးများ မပျက်စီးအောင် အကာအကွယ်များ ကြိုတင်ပြင်ဆင်ထားကြောင်း မြိတ်မြို့ပေါ်ရပ်ကွက်တစ်ခုက ဘုရားဖောင်တော် ပြင်ဆင်ရေးအဖွဲ့တွင် ပါဝင်သူတစ်ဦးက ပြောဆိုသည်။
နိုဝင်ဘာလ ၁ ရက်မှ ၄ ရက်အထိ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသများတွင် မိုးသည်းထန်ကာ မိုးရေချိန်အများဆုံးရွာနိုင်ပြီး မွန်၊ ကရင်၊ တနင်္သာရီတွင် မိုးအသင့်အတင့်ရွာနိုင်ကြောင်း မိုးလေဝသလေ့လာသုံးသပ်သူ ဦးဝင်းနိုင်က သုံးသပ်ထားသည်။







