မြန်မာနိုင်ငံသားများမှာ အာဏာရှင်၏ အဓမ္မဖိနှိပ်မှု ခံနေရသည်မှာ လေးနှစ်ကျော်လာပြီဖြစ်သည်။
စစ်အာဏာသိမ်းမှုကို လက်မခံနိုင်သည့် ပြည်သူလူထုမှာ အာဏာသိမ်းချိန်မှစ၍ နည်းမျိုးစုံဖြင့် တွန်းလှန်ခဲ့ကြသည်။
စစ်အာဏာရှင်အဖွဲ့ကလည်း ပုံစံမျိုးစုံဖြင့် ဖိနှိပ်လာနေခြင်းကြောင့် ပြည်သူလူထုမှာ လူ့အခွင့်အရေးနှင့် တရားမျှတမှုများ ပျက်သုန်းသွားမှုကို ကြုံတွေ့နေကြရသည်။
ဖိနှိပ်မှုမျိုးစုံ ကြုံတွေ့နေရသည့် ပြည်သူလူထုမှာ ပဋိပက္ခများ၊ တိုက်ပွဲများအကြားတွင် ရှင်သန်နိုင်ရေး ကြိုးစားရုန်းကန်နေကြရပြန်သည်။
အခြားတစ်ဖက်တွင်လည်း ပွဲလမ်းသဘင်များတွင် ပါဝင်ကြသလို ဒေသဆိုင်ရာ ပွဲများလည်း ပြန်လည်ကျင်းပ လာကြပြီး ပါဝင်ဆင်နွှဲနေသည်များလည်း ရှိလာနေသည်။
ယင်းကြောင့် ပြည်သူများမှာ ရှင်သန်ရေးအတွက် နိစ္စဓူဝသွားလာလုပ်ကိုင်ရင်း အမှောင်ခေတ်တွင် နေသားကျသွားပြီဆိုသည့် ဝေဖန်ပြောဆိုမှုများလည်း ရှိလာနေသည်။
ပြည်သူလူထုမှာ အမှောင်ခေတ်တွင် အမှန်တကယ် နေသားကျသွားပြီလား သို့မဟုတ် ရှင်သန်ရေးအတွက် ရုန်းကန်ရင်း မတတ်သာ၍ မျိုသိပ်နေရခြင်းလား ဆိုသည်ကို သိရှိနိုင်ရန်အတွက် ယခုအပတ် ပုံရိပ်အစီအစဉ်တွင် မေးမြန်းဖော်ပြလိုက်ပါသည်။
“ပြည်သူတွေလည်း သူ့နည်းသူ့ဟန်နဲ့ အကျယ်ချုပ်ကျနေတဲ့သူတွေပဲဆိုတာ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးသိသိလာတယ်”
ရေဖြူမြို့နယ် နဘုလယ်ဒေသခံ အမျိုးသမီးတစ်ဦး
DW ။ အာဏာသိမ်းပြီးလေးနှစ်ကျော်လာပြီ အဲဒီလေးနှစ်ကျော်ထဲ ဘယ်လိုဖြတ်သန်းခဲ့ရတာလဲ။ ခက်ခဲမှုတွေကဘာတွေရှိလဲ။
ဖြေ ။ ပြန်တွေးလိုက်ရင်တော့ ဒီလေးနှစ်ကျော်ဆိုတာက အရမ်းကိုကြာတယ်လို့ခံစားရတယ်။ ဒီကြားထဲမှာ ကြုံရတာတွေက မမျှော်လင့်ထားတာတွေပဲ ကြုံရတာများတယ်။ အခက်အခဲတွေကလည်းအများကြီးပဲ။ ဆန္ဒပြပွဲမှာဖမ်းခံရပြီးထောင်ကျတယ်။ ထောင်ကလွတ်တော့လည်း (တိုက်ပွဲတွေဖြစ်လို့) ပြေးရလွှားရတယ်။ အခုအချိန်အထိ အေးအေးဆေးဆေး နေနေရတယ်ဆိုတာကို မရှိသေးပါဘူး။
DW ။ တိုက်ပွဲတွေ၊ စီးပွားရေးမပြေလည်မှုတွေ ဒီလိုပဋိပက္ခကြီးထဲမှာ နေသားတကျမဖြစ်သေးဘူးလား။
ဖြေ ။ အားလုံးတော့ နေသားတကျမဖြစ်သေးဘူးလို့ပြောရမယ်။ ဥပမာ စစ်ကြောရေးမှာကြုံခဲ့ရတာတွေက အခုချိန်အထိ အာရုံထဲမှာစွဲနေတုန်းပဲ။ အခုထိမေ့ဖျောက်လို့မရသေးဘူး။ ပြီးတော့ စစ်ကောင်စီတပ်က ရွာထဲစစ်ကြောင်းထိုးလာရင် ပြည်သူကိုအမျိုးမျိုးနှိပ်စက်နေတာတွေ မြင်ရတဲ့အခါကျရင် သည်းမခံနိုင်ဘူး။ တစ်ခုခုပြန်လုပ်ချင်တဲ့စိတ် အမြဲရှိနေတယ်။ ကိုယ့်ရှေ့မှာ မဟုတ်တာ မမှန်တာလုပ်နေတဲ့သူတွေကိုလည်း တစ်ခုခုပြန်လုပ်ပစ်လိုက်ချင်တယ်။ တကယ်ပဲ အဲဒီစိတ်အခုထိဖြစ်နေသေးတယ်။
DW ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ရောက်တဲ့အရပ်မှာ အဆင်ပြေပြေနေနိုင်အောင် ကြိုးစားရတာပဲလေ။ လက်ရှိရော ဘယ်လိုနေထိုင်နေလဲဆိုတာ ပြောပြပေးပါ။
ဖြေ ။ ဟုတ်တယ်။ နိုင်ငံရေးနဲ့တတ်နိုင်သလောက် ခပ်ကင်းကင်းနေမယ်လို့ ဆုံးဖြတ်ထားတယ်။ ဘာဖြစ်လို့လဲဆိုရင် အစ်မက မဟုတ်မခံစိတ်ရှိတယ်။ စိတ်ရှိတိုင်းသားလိုက်လုပ်နေရင် အခုချိန်အထိ အသက်ရှင်မှာလည်း မဟုတ်ဘူးဆိုတာ နားလည်လာတယ်။ အခုနောက်ပိုင်းဆို ရှောင်သင့်တာဆိုရှောင်လိုက်တယ်။ လုပ်ပေးသင့်တာလည်း လုပ်ပေးတယ်။ နေရာတကာကိုယ်လုပ်မှရမယ်ဆိုတာမျိုး ခေါင်းထဲမထားတော့ဘူး။ အဲလိုမျိုး နေရာတကာပါနေရင်လည်း ကိုယ့်အတွက်မကောင်းဘူး။ ကိုယ့်မှာက တစ်ကောက်ကြွက်မဟုတ်ဘူးလေ။ မိသားစုရှိသေးတယ်။ မိသားစုကိုငဲ့ရမယ်လေ။ ဟုတ်တယ်မလား။ အဲနောက်ပိုင်း ကိုယ်ပိုင်စီးပွားရေးလေးတစ်ခုလုပ်ပြီး ရပ်တည်ဖို့ကြိုးစားနေတယ်။ ဒါပေမဲ့ တိုက်ပွဲက ခဏခဏဖြစ်လာတော့ အဆင်မပြေသေးဘဲဖြစ်နေတယ်အခုက။
DW ။ ကိုယ့်ပတ်ဝန်းကျင်ကလူတွေရော ပဋိပက္ခကြားထဲ နေသားကျအောင် ဘယ်လိုရုန်းကန်နေကြရတာရှိလဲ။
ဖြေ ။ ခုချိန်မှာတော့ အားလုံးက ကိုယ့်အားကိုယ်ကိုးပြီး ရပ်တည်နေရတာပဲပေါ့။ သူများတွေမျက်စောင်းထိုး မခံရအောင်နေကြရတာပေါ့။ သာမန်လူတွေကတော့ မှားနေလည်းဟုတ်ကဲ့၊ မှန်နေလည်းဟုတ်ကဲ့ အားလုံးခေါင်းညိတ်နေကြရတာပေါ့။ အဲလိုမျိုးနေမှပဲ သူ့အတွက်အန္တရာယ်ကင်းမှာလေ။ အခုချိန်မှာ အမှန်တရားပါဆိုပြီး လက်မထောင်လို့ရတဲ့ခေတ်မျိုးမှ မဟုတ်တာ။ မှန်တယ်မှားတယ် အပထား လောလောဆယ်ကတော့ ပတ်ဝန်းကျင်နဲ့အဆင်ပြေအောင် အလိုက်သင့်နေနေကြတဲ့သူတွေပဲများတယ်။
DW ။ အခုလိုမျိုး ကိုယ့်စိတ်သဘောအတိုင်းမဟုတ်ဘဲ အခြေအနေအရ ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင်၊ တည့်အောင် နေနေရတဲ့အပေါ် စိတ်ထဲဘယ်လိုနေလဲ။ စိတ်ညစ်တာမျိူး၊ မလွတ်လပ်တာမျိုး ခံစားရလား။
ဖြေ ။ ခံစားရတာပေါ့။ လူတစ်ယောက်က ကိုယ့်ရှေ့မှ မဟုတ်တာကို လုပ်နေတာကိုသိလျက်နဲ့ မဟုတ်တာ လုပ်နေပါတယ်လို့ မပြောနိုင်ဘဲ အောင့်အည်းနေရတဲ့ခံစားချက်ထက် ဆိုးတာမရှိတော့ဘူး။ နောက်တစ်ခုရှိသေးတယ်။ အဲဒါကတော့ လူကျောခံရတာ။ ကိုယ့်လောက်မသိ၊ မတတ်တဲ့သူက အခုချိန်မှာမှ ဆရာကြီးအထာနဲ့ ကိုယ့်ကိုယ်လာကျောသွားတာမျိုးတွေ အများကြီးပဲရှိတယ်။ ကိုယ်ကတော့ စိတ်ထဲမှတ်ထားတယ် ဒါမျိုးတွေကို။
DW ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။
ဖြေ ။ ထောင်ကလွတ်တဲ့နေ့က အပြင်မှာနေရာတာ အရမ်းလွတ်လပ်မယ်ထင်ထားခဲ့တာ။ တကယ်လက်တွေကျတော့ အပြင်ကပြည်သူတွေလည်း သူ့နည်းသူ့ဟန်နဲ့ အကျယ်ချုပ်ကျနေတဲ့သူတွေပဲဆိုတာ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးသိသိလာတယ်။ အဲဒီအတွက်လည်း စိတ်မကောင်းဖြစ်မိတယ်။
DW ။ ကျေးဇူးတင်ပါတယ်။
“နီးရာဓားကြောက်ရတယ်။ ဟိုလူမျက်နှာလည်း ကြည့်ရတယ်။ ဒီလူမျက်နှာလည်းကြည့်ရတယ်”
အသက် ၃၀ ဝန်းကျင်အရွယ် စိုက်ပျိုးရေး ခြံသမားတစ်ဦး (ကံပေါက်ရွာ ၊ ရေဖြူမြို့နယ်)
DW ။ အာဏာသိမ်းပြီး ငါးနှစ်ဝန်းကျင်မှာ ကိုယ့်ဒေသထဲ ကိုယ့်အခွင့်အရေးတွေ ဘာတွေဆုံးရှုံးသွားခဲ့ပြီလဲ။
ဖြေ ။ မမေးနဲ့တော့။ ပြောလို့တောင်မကောင်းဘူး။ ဆိုင်ကယ်လုံးဝစီးခွင့်မရတော့ဘူး။ သွားချင်တဲ့အချိန်သွားမရ လာမရ ၊ သူတို့ဂိတ်ဖွင့်ပေးတဲ့အချိန်ကိုသွားရတယ်။ လွတ်လွတ်လပ်လပ် မနေရတော့ဘူး။ ပြီးရင် အလုပ်အကိုင် အခွင့်အလမ်းရှားပါးမှုကလည်း ပြောလို့မကောင်းဘူး။ အလုပ်တစ်ခုလုပ်မယ်ဆိုရင် အစစအရာရာ လိုက်တွေးနေရတယ်။ အခြားမဟုတ်သေးဘူး ၊ ပစ္စည်း တစ်ခုခု သယ်ယူဖို့ကိုပဲ ဂိတ်တစ်ဂိတ်ကို ဖြတ်ရင် ဘော်ဒါကြေး(ဆက်ကြေး) က ဘယ်လောက် ဘယ်လောက်ဆိုပြီး ကောက်လာတယ်လေ။
DW ။ အခုဒေသထဲမှာ အလုပ်လုပ်ရ အဆင်ပြေဆုံးအလုပ်က ဘာအလုပ်လဲ။
ဖြေ ။ ခဲမိုင်းပေါ့။ ခဲမိုင်းက စီးပွားရေးအကောင်းဆုံးပဲ။ ကျန်တာမမေးနဲ့။ ပြီးတော့ WY (မူးယစ်ဆေးဝါး) ရောင်းနေကြတာရှိမယ်။ အခု(WY) ပေါက်စျေး တစ်လုံးကို ကျပ်ရာဂဏန်းလောက်ပဲရှိတယ်။ အဲဒါတွေက လုပ်နေသူ ဟီးဟီးထ (အရမ်းများတာကိုဆိုလို) နေကြတာပဲ။ ကျန်တဲ့အလုပ်က လုပ်မရဘူးလားဆိုတော့ လုပ်လို့ရတယ်။ ရင်းနှီးတဲ့အရင်းအနှီးနဲ့ ပြန်ရတဲ့ငွေက မကိုက်ဘူး။ ပြန်ရတာက စားဖို့တောင်အနိုင်နိုင်။ ကားသမားတွေဆိုလည်း အဲဒီလိုပဲ။ ကားတစ်ခေါက်သွားပြီးရင် ခေါက်ကြေးကျန်အောင် အနိုင်နိုင်။
DW ။ ကိုယ်တိုင်ကရော ဒီကာလထဲ ရုန်းကန်ရတာ ဘာအခက်အခဲတွေ ရှိနေလဲ။
ဖြေ ။ ဘယ်လိုဖြတ်သန်းနေလဲဆိုတော့ စိုက်ပျိုးရေးသုံးဝဲ(ဓာတ်မြေသြဇာ) တစ်အိတ် ဘယ်လောက်ဖြစ်နေပြီထင်လဲ။ အနည်းဆုံးနှစ်သိန်း(ကျပ်) ကနေ နှစ်သိန်းခွဲအကြားရှိတယ်။ ဒါကအနိမ့်ဆုံး အမျိုးအစားနော်။ အရင်က ဝယ်ရတာ တစ်အိတ်ကို ရှစ်သောင်း(ကျပ်) ဝန်းကျင်လောက်ပဲပေးဝယ်ရတာ။ ဆိုင်သမားတွေဘက် စျေးတင်ရောင်းတာကိုလည်း အပြစ်ပြောမရဘူးလေ။ သူတို့လည်း ပစ္စည်းသယ်လာတဲ့ တောက်လျှောက် လမ်းကြေးပေးရတာကိုး။ မလွယ်ဘူး။ အခြားမပြောနဲ့ဦး စားဖို့ဆန်တောင် သူတို့ (ရပ်ကျေး စစ်ကော်မရှင်)မှာ သွင်းခွင့်တောင်းပြီး သူတို့ခွင့်ပြုထားတဲ့လူမှ သွင်းလို့ရတယ်လေ။ အဲဒီလို သူတို့သွင်းခွင့်ပြုတဲ့သူက သွင်းပြီးရင် သူ့အကြိုက်စျေးရမှ ရောင်းတော့တယ်။ ကြိုက်ရောင်းကြိုက်ဝယ် သဘောပုံစံလိုမျိုးဖြစ်သွားတယ်။ အဲဒီလိုတွေကြောင့် စျေးဝယ်စားရတာ မျက်နှာအရမ်းငယ်တယ်။ အရင်းရှင်ခေတ် ပြန်ရောက်သွားသလိုပဲ။
DW ။ ပတ်ဝန်းကျင် အနေအထားကရော အခုကာလထဲ ဘာတွေပြောင်းလဲသွားလဲ။
ဖြေ ။ အခုလပိုင်းထဲ ငါးရှာသွားရင်းနဲ့ရတဲ့ အတွေ့အကြုံတစ်ခုပြောပြမယ်။ ပြင်ကြီး(ဟိန္ဇဲ) နဲ့ မိကျောင်းအိုင် ချောင်းဆုံ အဲဒီနေရာမှာ ငါးသွားမျှားကြတာ ၊ ရေတက်လာတဲ့အခါ ရေပြင်ကြီးအပြည့် ၊ ရေပြန်ကျသွားတဲ့ အခါ မြေပြင်ကြီး ၊ နုန်းပြင်ကြီးပဲ ကျန်တော့တယ်။ နုန်းကလည်း အရင်ကထက်အများကြီးတက်လာပြီး အတော်နစ်လာတယ်။ အခုနှစ်ကတော့ မနှစ်ကရေရှားတာထက်ကို ရေပိုရှားလိမ့်မယ်။ ချောင်းတွေမှာ ရေနေမယ့်နေရာလည်းမရှိတော့ဘူး။ ငါးတွေလည်း ရှားလာတယ်။ လက်သုံးလုံးလောက်အရွယ် ငါးလေးတွေပဲ ရှိတော့တယ်။ မိကျောင်းအိုင်ချောင်း မှာတောင် အခုခဲမိုင်းက ရေညစ်ပတ်တွေ အရမ်းဆင်းပြီးတဲ့နောက်မှာ ငါးစင်ရိုင်းတောင်မတက်တော့ဘူး။ ပြင်ကြီး(ဟိန္ဇဲချောင်းဝ) မှာ ငါးပိုက်ထောင်စားတဲ့ လူတွေလည်း ညည်းကြတယ်။ အသိငါးပိုက်သမားတွေ ပြောပြနေတာ အခုနှစ် ဘယ်လိုဖြစ်လဲ မသိဘူးတဲ့ ပိုက်တွေမှာ ငါးမရတော့ဘူးတဲ့။ ငါးရှားလာတယ်။ ပြီးတော့ရွာထဲအပိုင်း ရပ်ကွက်တွေမှာဆိုရင် မိုးရွာတဲ့ရက် မဟုတ်ရင်ရွာလယ် ကျောက်တိုင် ပတ်ဝန်းကျင် မှာသွားကြည့်ကြည့် ဖုန်တွေချည်းပဲ။ မိုးရာသီမှာ ဖုန်က နည်းနည်းသက်သာတယ်။ မိုးရာသီမှာက ဒယ်ကိုခဲမိုင်းကလည်း ရေဆိုးတွေ လွှတ်လွှတ်ချနေတယ်။ ခါတိုင်းဆို မိုးရွာရင် ရေညစ်ဆင်းတယ်။ အခုက မိုးမရွာတော့လည်း ရေညစ်က ဆင်းနေတုန်းပဲ။ နုန်းသက်သက်ဆင်းတယ်။ သူ(ဒယ်ကိုခဲမိုင်း) လည်း အခုလက်သစ်ခဲမိုင်းတွေနဲ့ရောပြီးတော့ ချနေတယ်ထင်တယ်။ တကယ်ဆို မိုးတိတ်ရင် ချောင်းတွေကရေကြည်လို့ရပြီ။ သူတို့မှာ သတ္တုအညစ်အကြေးတွေကို နုန်းကန်နဲ့ထားရတာ မိုးရာသီမှ ရေလျှံကျလို့ နည်းနည်းပါးပါး ရေနောက်ဆင်းတာ ကိုက လက်ခံလို့ရတယ်။ အခုက မိုးမရွာတော့ပေမယ့်လည်း ချောင်းက အခုထိ ရေနောက်နေသေးတယ်။ ချောင်းတွေ မြောင်းတွေတော့ ဘယ်လို ဖြစ်လာဦးမလဲမသိဘူး။ နောက်ထပ်တစ်ခုက အရင်ကတည်းက ကံပေါက်မှာ ရွာတွင်းလမ်း ရွာပတ်လမ်းတွေ စီစဥ်ထားတာရှိပေမဲ့ အခုခဲမိုင်းတွေ ရောက်လာပြီးနောက်ပိုင်းကတော့ ရွာတွင်းလမ်းက လမ်း၊တံတား ခံနိုင်ဝန်ထက်ပိုတဲ့ ကားအကြီးတွေလည်း ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက် ဖြဲဖြဲစင်ပါပဲ။ တွဲကားတွေပါ ဝင်ထွက်နေတာ။ အထိန်းအကျောင်းမဲ့တယ်။ ဒေသထဲမှာ စစ်တပ်က ပြောတာတစ်ခုပဲရှိတယ် ၊ နိုင်ငံရေး ကလွဲရင် ကျန်တာအကုန်လုပ်လို့ရတယ်။ အဲဒီလိုပုံစံဖြစ်နေတယ်။
DW ။ အခု ငါးနှစ်ဝန်းကျင်ကာလမှာ ကိုယ့်ပတ်ဝန်းကျင်ကလူတွေက ကိုယ်ဆုံးရှုံးခဲ့ရတာတွေကို ကိုယ့်အခွင့်အရေးတွေ လိုမြင်သေးရဲ့လား။ ဘယ်လိုတွေ ဖြည့်ဆည်းပြီးနေကြေရလဲ။ နေသားကျပြီလား။
ဖြေ ။ အခုချိန်မှာတော့ ဘယ်လိုပြောမလဲ အားလုံးက နီးရာဓားကိုကြောက်ရတယ်။ သိတယ်မလား။ အဲဒီတော့ ဘယ်လိုပြောမလဲ တတ်နိုင်သမျှ ကိုယ့်မိသားစု အတွက် ရသမျှကုန်းရုန်းရှာဖွေရတယ်။ အဓိက ကတော့ နီးရာဓားကြောက်ရတယ်။ ဟိုလူမျက်နှာလည်း ကြည့်ရတယ်။ ဒီလူမျက်နှာလည်းကြည့်ရတယ်။ လူငယ်တွေကတော့ ရွာမှာ အတော်နည်းသွားပြီ။ မရှိတော့ဘူး။ ရေနံကုမ္ပဏီတွေနဲ့ အဆက်အသွယ်နဲ့ ဝင်လုပ်နေတဲ့ အနည်းအကျဉ်းပဲ ကျန်တယ်။ ကျန်တာမရှိတော့ဘူး။
DW ။ ကိုယ်တိုင်ကရော အခုအခြေအနေကို ဘယ်လိုဖြတ်သန်းနေရလဲ။ နေသားကျရဲ့လား။
ဖြေ ။ သည်းခံရတဲ့အရာတွေကတော့ အများကြီးရှိလာတာပေါ့။ ကိုယ့်ဘက်က မှန်နေပေမဲ့လည်း ခေါင်းငုံ့ပြီးခံလာရတဲ့ အကွက်တွေလည်းရှိတယ်။ ဂိတ်ဖြတ်တာကိုပဲကြည့်လေ ၊ ဘာမှမဟုတ်ဘဲ ကိုယ့်ဟာနဲ့ကိုယ် မှန်ပေမယ့် နေရင်းထိုင်ရင်း ဆဲခံထိတယ်။ အဲဒါလည်းခံရတာပဲလေ။ သူတို့နဲ့နီးစပ်တဲ့သူဆိုရင် နည်းနည်းအနေအစားချောင်မယ်။ အဲဒီလောက်ပဲ ရှိတာ။ နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ လွတ်လွတ်လပ်လပ် ပြန်နေချင်တယ်။ အရင်အချိန်တွေပဲ ပြန်တမ်းတတယ်။ ပြန်ရွှေ့ရရင် ပြန်သွားပြီး အခုလိုတွေ မဖြစ်အောင် လုပ်ထားပစ်ချင်တယ်။
DW ။ ကျေးဇူးတင်ပါတယ်။
( ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသသည် စစ်အာဏာရှင်တပ် ၏ မောရဝတီရေတပ်စခန်းဌာနချုပ် အခြေစိုက်သည့် ဒေသဖြစ်သည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကစပြီး တနင်္သာရီတိုင်းအတွင်း ဆိုင်ကယ်စီးနင်းခွင့် လုံးဝကန့်သတ်ခံထားရသည့် တစ်ခုတည်းသောဒေသလည်းဖြစ်သည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ရေကန်တောင်တိုက်ပွဲ နောက်ပိုင်းနောက်ပိုင်းတွင်လည်း ရွာအဝင်အထွက်ကို တစ်နေ့သုံးကြိမ် အချိန့်အကန့်သတ်ဖြင့်သာ ခွင့်ပြုတော့သည်။ ယင်းအပြင် ဆန်နှင့်ဆေးဝါးသယ်ယူခွင့်နှင့်ပတ်သက်၍လည်း ကန့်သတ်ခံထားရသည်။ ကံပေါက်ရွာနှင့်လူမှုစီးပွားဆက်စပ်သည့် ကျေးရွာချင်းဆက် ကားလမ်းပိုင်း ငါးနေရာထက်မနည်းကိုလည်း စစ်အာဏာရှင်တပ်က ဖြတ်တောက်ထားသည်။ ကံပေါက်ဒေသကို ပြည်သူ့ကာကွယ်ရေးတပ်များ ထိုးဖောက်ဝင်ရောက်လာခြင်းမှ ကာကွယ်နိုင်ရန်လည်း စစ်အာဏာရှင်တပ်က ကံပေါက်ရွာဝန်းကျင်တွင် စစ်ဆေးရေးဂိတ်နှင့် တပ်စွဲထားသည့်နေရာ ဆယ့်နှစ်နေရာထက်မနည်း နေရာယူထားသည်။)
“ရင်ထဲမှာတော့ ရှိကြမှာပဲ မျိုသိပ်နေကြလားတော့မသိဘူး”
အမျိုးသမီးဈေးသည်တစ်ဦး၊ တိုးချဲ့ရပ်၊ မြိတ်မြို့
DW ။ လက်ရှိအလုပ်အကိုင်နဲ့ စားဝတ်နေရေး အခြေအနေလေး ပြောပြပေးပါရှင်။ မိသားစုဝင်အရေအတွက်ကရော ဘယ်လောက်ရှိလဲရှင်။
ဖြေ ။ လက်ရှိအလုပ်အကိုင်ကတော့ ဈေးသည်တစ်ယောက်ပါ။ စားဝတ်နေရေးကတော့ တစ်နေ့လုပ်တစ်နေ့ မလောက်ပါဘူး။ တစ်နေ့လုပ် တစ်နပ်စားပဲပြောရမလား။ အဆင်မပြေတာကတော့ ကိုယ့်တစ်ယောက်တည်းတော့ မဟုတ်ပါဘူးလေနော်။ မိသားစုဝင် အားလုံးပေါင်း ၇ ယောက်ပါ။
DW ။ အခုခေတ်ကာလအပိုင်းအခြားကြားမှာ ဈေးရောင်းဈေးဝယ်ကရော ကောင်းလားရှင်။ စားဝတ်နေရေးအတွက်၊ ရပ်ကွက်အတွင်း ကောက်ခံတဲ့ငွေကြေးတွေအတွက်ရော ဒီအလုပ်တစ်ခုတည်းနဲ့ ရပ်တည်နေတာလားရှင်။
ဖြေ ။ အရောင်းအဝယ်ကတော့ အန်တီက ကုန်စိမ်း၊ကုန်ခြောက် စားသောက်ကုန်တွေ ရောင်းတာဆိုတော့ အရောင်းအဝယ်က ကောင်းပါတယ်။ ကုန်ဈေးနူန်းက အခုတစ်ဈေး တော်ကြာတစ်ဈေး ဒါပဲစိတ်ညစ်ရတယ်။ အရှုံးခံ အကြွေးတင်ပြီး လုပ်စားနေရတာပဲ။ ဒီကရတာကိုပဲ စားလိုက်၊အကြွေးဆပ်လိုက် ဟိုကြေးဒီကြေး ပေးလိုက် သံသရာလည်နေတာပဲ။ အလုပ်ကတော့အန်တီ တစ်ယောက်တည်း လုပ်တာတော့မဟုတ်ဘူး။ အိမ်ကလူတွေလည်းလုပ်တယ်။ ဒါပေမဲ့လည်း လုံလောက်မှုမရှိပါဘူး။မစုမိတဲ့အပြင် စားဖို့လောက်လားဆိုတော့ အကြွေးပါတင်။ ဒီကြားထဲ ဟိုဖိုး ဒီဖိုးက အခါခါအလီလီ မပေးလို့လည်းမရ။ အိမ်မှာ ဆန်တစ်အိတ် မဝယ်လို့ရတယ်။ ဟိုဖိုးဒီဖိုးမဆောင်ရင်တော့ အနေမချောင်ဘူး။
DW ။ တစ်လကို ငွေကြေးကောက်တာတွေပေးရတာ ပျမ်းမျှငွေပမာဏ ဘယ်လောက်ရှိလဲရှင်။
ဖြေ ။ စစ်မှုထမ်းကြေး၊စည်ပင်ကြေး၊မီးသတ်ကြေး၊ခရီးသွားရင် ထောက်ခံစာကြေး၊ တစ်ခြားဟာတွေရှိသေးတယ်။ တစ်လတစ်လကို ပေးရတာ တစ်သိန်းကျော် လောက်တော့ရှိမယ်။ မိုးရာသီဆိုတော့ တအားကျပ်တည်းတယ်။ ဈေးရောင်းအေးတဲ့ရက်တွေဆို အသက်ရှူမချောင်ဘူး။
DW ။ ဆက်ကြေးတွေ ပေးရတာနဲ့ပတ်သက်ပြီးရော ဘယ်လိုဖြစ်စေချင်လဲ။ စစ်မှုထမ်းကြေးကရော တစ်လဘယ်လောက်ပေးနေရလဲ ပေးဆောင်နေရတာ ဘယ်လောက်ကြာပြီလဲရှင်။
ဖြေ ။ ဆက်ကြေးတွေပေးရတာကတော့ အာဏာသိမ်းပြီးကတည်းက အကောက်အစားတွေ ပိုများလာတာပေါ့နော်။ အန်တီတို့လည်း ပေးရင်းပေးရင်းနဲ့ ဆက်ကြေးပေးရတာ တာဝန်ဝတ္တရားတစ်ခုလိုတောင် ဖြစ်နေပြီ။ လကုန်ရင် ဘာကြေးညာကြေးအကုန်ပေါ့။ စစ်မှုထမ်းကြေးက ရပ်ကွက်ထဲတစ်အိမ်ထောင် (ကျပ်)၂သောင်း။ အရင်ကဆို ငါးသောင်း၊ ခြောက်သောင်းပေးရတယ်။ ငွေနဲ့ဖြေရှင်းနေရရင်ပဲ တော်သေးတဲ့ အနေအထားတစ်ခုဖြစ်နေပြီ။ ပေးနေရတာကတော့ ၂နှစ်နီးပါးလောက်ရှိပြီ။
DW ။ အခုခေတ်ကာလအကျပ်အတည်းထဲမှာ စားဝတ်နေရေးတွေကြားက ဆက်ကြေးပေးရတာကလည်း တာဝန်တစ်ခုဖြစ်လာတာပေါ့နော်။ အဲဒီတာဝန်တွေ အတွက်ရော အန်တီတို့ ရေရှည်ဘယ်လိုတွေးထားလဲရှင်။
ဖြေ ။ ဘယ်လိုတွေးထားလဲဆိုတော့ ထွေထွေထူးထူးတော့ မတွေးထားပါဘူး။ အလုပ်အကိုင်အဆင်ပြေဖို့ပဲ ဆုတောင်းတယ်။ အလုပ်အကိုင်အဆင်ပြေရင် ဒီပြဿာနာတွေက ငွေနဲ့ဖြေရှင်းရတယ်လေ။ နောက်ပိုင်းငွေနဲ့ ဖြေရှင်းမရတဲ့ အရာတွေကျတော့လည်း ကံတရားပေါ့။ ကုန်ဈေးနူန်းတွေကိုတော့ တက်လိုက်ကျလိုက်မဖြစ်ဘဲ ပုံမှန်အတိုင်းလေးငြိမ်စေချင်တယ် ဈေးသည်ဆိုတော့လေ။ တိုက်ပွဲတွေအသံကြားရင်ဘယ်အချိန်လမ်းထပိတ်မလည်း ကုန်စိမ်းတွေဈေးတက်တော့မယ်။ ကိုယ့်ရဲ့ အပူသောကတွေပေါ့နော်။ ဒီကြားထဲ လမ်းပိတ်တာရက်ကြာရင် ကုန်စိမ်းပြတ်ပြီး ဈေးရောင်းနားရတာမျိုးတွေဖြစ်တယ်။ဒါဆို အကြွေးကတင်ပြီ။ ဒီဒုက္ခထဲမှာ ဒီလူတွေက သန်မာရမှာပဲလေ။ မဟုတ်ရင်ပြိုလဲသွားလို့မှမဖြစ်တာ။ အသက်ရှင်နေသရွေ့တော့ ဒုက္ခနဲ့သုခဆိုတဲ့ လောကဓံက အမြဲရှိနေမှာပဲ။ ရင်ဆိုင်ဖို့ ခွန်အားရယ် စိတ်ဓာတ်မာကြောနေဖို့ရယ်ပဲလိုတာ။
DW ။ နောက်ထပ်ဘာများဖြည့်စွက်ပြီးပြောချင်သေးလဲရှင်။
ဖြေ ။ ဒီကာလတွေမှာ နေသားကျနေပြီဖြစ်လို့ ထွေထွေထူးထူးတော့ စိတ်ထဲသိပ်မပူပန်ဖြစ်ဘူး။ သေလည်းရတယ်။ ရှင်နေလည်းရတယ် အဲလိုပဲ တွေးထားတယ်။ ဒါတောင် အန်တီတို့ ဘိတ်(မြိတ်မြို့)က တနင်္သာရီတိုင်းထဲက တခြားမြို့၊ရွာတွေနဲ့စာရင် တော်တော်အေးတယ်။ အေးတယ်ဆိုတာ တိုက်ပွဲမဖြစ်တာ စစ်ဘေးကြောင့်မပြေးရမလွှား ရဘူးပေါ့။ဘိတ်က လူတွေက တစ်ခုခုဆို ခဏပဲခံစားတယ်။နေသားကျတာမြန်တယ်။ အခုခေတ်ကာလက နေသားကျမြန်မှပဲ။ မဟုတ်ရင် ခံစားပြီးစိတ်ကျရောဂါတွေရမယ်လေ။ ကောက်ရိုးမီးလိုမျိုး ခဏပဲပူပြီး ပြန်အေးတာမြန်တယ်။ တခြားဒေသကသူတွေက ဒလန်မြို့တဲ့ ဘိတ်ကို မှန်လည်းမှန်တယ်လေ။ နေသားကျမြန်တာကိုး။ ရင်ထဲမှာတော့ ရှိကြမှာပဲ မျိုသိပ်နေကြလားတော့မသိဘူး။
DW ။ ကျေးဇူးတင်ပါတယ်။
“ထွက်ပေါက်ပိတ်နေတဲ့ အခြေအနေတစ်ခုလိုပဲမြင်တယ်”
ထားဝယ်မြို့ခံ လူငယ်အမျိုးသမီးတစ်ဦး
DW ။ မြန်မာနိုင်ငံရေးပဋိပက္ခဟာ ၄ နှစ်ကျော်လာပြီ။ ဒီအကျပ်အတည်းကာလ တစ်လျှောက်ကြုံတွေ့ ဖြတ်သန်းခဲ့ရတဲ့ စိတ်ခံစားချက်ဘယ်လိုရှိလဲ။
ဖြေ ။ ပဋိပက္ခမဖြစ်ခင်အချိန်နဲ့ ဖြစ်ပြီးအခြေအနေမှာ စိတ်အခြေအနေ စိတ်ခံစားချက် လုံးဝကွဲပြားသွားတယ်။ ကိုယ်စိတ်လွတ်လပ်မှုမရှိဘူး စိတ်ဖိစီးမှုပိုများလာတယ်။ စိုးရိမ်ထိတ်လန့်စိတ်တွေက စိုးမိုးလာတယ်။ ပဋိပက္ခတွေကြောင့် မြို့ပေါ်မှာ အခုစစ်ဘေးဒဏ်မခံစားရဘူးဆိုပေမယ့်တစ်ချိန်ချိန်မှာဖြစ်လာမှာကိုလည်း စိုးရိမ်နေရတယ်။ စစ်ဘေးဒဏ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ပြီး မိသားစုဆုံးရှုံးရသူတွေအကြောင်းကို ကြားရသိရပြီး ထိတ်ထိတ်လန့်လန့်နဲ့ ကြောက်စိတ်တွေ အချိန်တိုင်းစိုးမိုးနေတယ်။
DW ။ ဒီပဋိပက္ခက မိမိရဲ့ တစ်ကိုယ်စာဘဝအပေါ် ဘာတွေသက်ရောက်မှုရှိလဲ။
ဖြေ ။ ကုန်ဈေးနှုန်းကြီးလာတာကြောင့် အိမ်သုံးစရိတ် ပိုတက်လာတာတွေပေါ့။ ဝင်ငွေထွက်ငွေ မမျှတမှုကြုံရတယ်။ ကျန်းမာရေးမကောင်း ဖြစ်လာချိန်မှ စိတ်ပိုပင်ပန်းရတယ်။ ဆေးတွေဈေးကြီးလာတဲ့အတွက် ကျွန်မတို့လို ဝင်ငွေနည်းပါးတဲ့သူတွေအတွက် အဆင်မပြေဘူး။ ကျန်မာရေးမကောင်းတဲ့အချိန် အဓိကစိတ်ခိုင်ခိုင်ထားပြီး ကျော်ဖြစ်ခဲ့ရတယ်။ မိဘနှစ်ပါးနဲ့အတူ မိတ်ဆွေသူငယ်ချင်းတွေရဲ့ မေတ္တာခွန်အားတွေကြောင့်သာ ဆေးကုသနေရတဲ့အချိန်ကိုလည်း စိတ်ခိုင်ခိုင်ထားပြီး ကျော်ဖြတ်နိုင်ခဲ့တယ်။ ကျွန်မကို စိတ်ခွန်အားပေးသူတွေ အားလုံးကိုလည်း အရမ်းကျေးဇူးတင်ရပါတယ်။
DW ။ ဒီလေးနှစ်ကျော်ကာလာမှ မိမိရဲ့ကိုယ်စိတ် အရင်ထက်ရင့်ကျက်လာတယ်လို့မြင်လား၊ ကိုယ်တိုင်တစ်ခုခု ပြောင်းလဲသွားတာရှိလား။ ဘာတွေ ပြောင်းလဲသွားလဲ။
ဖြေ ။ အရင်ကထက်တော့ပိုပြီး ခံနိုင်ရည်ရှိလာတယ်ပေါ့လေ။ ဒီပဋိပက္ခအတွင်း စွန်လွတ်ခဲ့ရတာတွေ စိတ်ဒဏ်ရာတွေ၊ သင်ခန်းစာတွေလည်းအများကြီးရထားလို့ စိတ်အဟာရဖြစ်တာတွေပဲ ရှာဖွေတတ်လာတယ်။ စိတ်ကိုပြန်လည်ကုစားနိုင်အောင်လည်း Positive Thinking (အကောင်း) ဘက်ပဲများများ တွေးတတ်လာတယ်။
DW ။ လူငယ်တစ်ယောက်အနေနဲ့ဆိုရင် ဒီအခြေအနေကို ဘယ်လိုမြင်လဲ။ ဥပမာ ထွက်ပေါက်ပိတ်နေတဲ့ အခြေအနေလား။ ကိုယ်ဖြစ်ချင်တာကို ဒီအခြေအနေတွေဘယ်လိုမျိုး ဟန့်တားပိတ်ဆို့ထားတာလဲ။
ဖြေ ။ ထွက်ပေါက်ပိတ်နေတဲ့ အခြေအနေတစ်ခုလိုပဲမြင်တယ်။ အထူးသဖြင့် လူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ လွတ်လပ်မှုတွေ အများကြီးဆုံးရှုံးနေတယ်။ အရင်ကမြို့ပေါ်ကလူတွေ ပြည်ပထွက်လုပ်ကိုင်မှုနည်းတယ်။ အခုက စီးပွားရေးအကျပ်အတည်းနဲ့ ဒီပဋိပက္ခတွေကြောင့် ပြည်ပထွက်ခွာမှုပိုများလာတယ်။ စစ်မှုထမ်းဥပဒေထွက်လာပြီးတဲ့အချိန်မှာ ဒီလူငယ်တွေ ပြည်တွင်းမှာ နေထိုင်ဖို့ ရွေးစရာမရှိတော့ဘူး။
အများဆုံးပြည်ပထွက်ခွာ သွားကုန်ကြတာပေါ့။
DW ။ အဲဒီလို အခြေအနေကြားမှာ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာ၊ ကိုယ်ရဲ့ ဆန္ဒကို ဘယ်လိုနည်းနဲ့ ရယူလဲ။ ကိုယ်ရဲ့ထွက်ပေါက်ကို ကိုယ်တိုင်ဘယ်လိုရှာ ဖွေထားလဲ။
ဖြေ ။ ပဋိပက္ခအတွင်းမှာ စိတ်ပင်ပန်းမှုတွေအတွက် ထွက်ပေါက်အနေနဲ့ကတော့ တစ်ခါတစ်လေ သူငယ်ချင်းတွေနဲ့ အပြင်ထွက် မုန့်စားရင်းစကားတွေ အများကြီးပြောဖြစ်တယ်။ အိမ်မှာနေတဲ့အချိန်တွေမှာ စိတ်ငြိမ်စေဖို့အတွက် သိုးမွေးထိုးတယ်၊ သီချင်းနားထောင်တယ်။ စိတ်ခွန်အားပေးတဲ့စာအုပ်တွေဖတ်မယ်။ Healing Affirmation စိတ်ခွန်အားအတွက်ပြောထားတဲ့ video တွေနားထောင်တယ်။ ခရီးတွေထွက်ချင်ပေမဲ့ အခုအချိန် လမ်းခရီးသွားရတာတော့ စိတ်လွတ်လွတ်လပ်လပ်မရှိဘူး။ အဓိကစိတ်တည်တည်ငြိမ်ငြိမ်ဖြစ်ဖို့အတွက် ဘာသာရေးကို မနက်တစ်ကြိမ်ညတစ်ကြိမ် နိုင်သလောက်လုပ်ဖြစ်တယ်။
DW ။ ကိုယ်ရှာဖွေတွေ့ရှိထားတဲ့ ကိုယ်ရဲ့ထွက်ပေါက်က အခုကာလမှာ ကိုယ့်ကို ဘယ်လိုအကျိုးပြုလဲ။
ဖြေ ။ ကိုယ်ရွေးချယ်ထားတဲ့ စိတ်ထွက်ပေါက်က ရာနှုန်းပြည့်အကျိုးမပြုဘူးဆိုရင်တောင်မှ စိတ်ဖိစီးမှုတွေ၊ မကောင်းတဲ့အတွေးတွေ အရင်ကထက် သိသိသာသာ လျှော့နည်းလာတယ်။ အရာအားလုံးနဲ့လိုက်လျောညီညီ နေတတ်အောင် စိတ်ကိုပြုပြင်တက်လာတယ်။ အတွေးလွန်ပြီးစိတ်အားငယ်နေတတ်တဲ့ အကျင့်တွေကိုလည်း ထိန်းချုပ်နိုင်လာတယ်။
DW ။ ကိုယ့်ပတ်ဝန်းကျင်နဲ့ အခြားသူတွေကိုရော ကိုယ်ကြုံခဲ့ရတာတွေကို ဘယ်လိုမျှဝေချင်လဲ။ ဘာတွေရှောင်ပြီး ဘာတွေဆောင်စေချင်တာလဲ။
ဖြေ ။ ဒီပဋိပက္ခကြားမှာ အသက်ရှင်နေသေးသရွေ့ကတော့ စိတ်ပင်ပန်မှု၊ စိတ်အားငယ်မှု၊ အခြေခံ လူတန်းစားတွေအတွက် ငွေကြေးအဆင်မပြေမှုတွေ အခက်အခဲတွေ အများကြီးရှိနေဦးမှာဖြစ်တယ်။ ဒါကြောင့် စိတ်ဓာတ်မကျဘဲ စိတ်ခိုင်မာအောင်ထားပြီး ရင်ဆိုင်နိုင်အောင်ကြိုးစားရမယ်။ ငါတစ်ယောက်တည်းမဟုတ်ဘူး ငါနဲ့အတူရင်ဆိုင်နေရတဲ့ သူတွေအများကြီးဆိုတဲ့ စိတ်အားတက်စေမယ့် အတွေးမျိုးတွေတွေးပြီးရှေ့ဆက်ပါ။ စိတ်အနှောက်အယှက်ဖြစ်စေမဲ့ စကားတွေအမုန်းစကား၊ ရန်စကားမကောင်းတဲ့အတွေးတွေကို ရှောင်ပါ။ အပြုသဘောဆောင်တဲ့အတွေး များများတွေးနိုင်အောင် ကြိုးစားပြီးဘဝကို ရှေ့ဆက်ပါ။ တစ်နေ့အဆင်ပြေသွားမှာပါဆိုတဲ့ ယုံကြည်ချက်နဲ့ ရှေ့ဆက်ပါ။ကိုယ်တိုင်လည်းအဲဒီလိုကျင့်သုံးပြီးရှေ့ဆက်နေတဲ့ သူတစ်ယောက်မို့ မျှဝေပေးတာပါ။
DW ။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခဗျား။







