ပွင့်လင်းရာသီအစတွင် မျှင်ငါးပိတစ်ပိဿာလျှင် ကျပ်နှစ်ထောင်ဈေးတက်နေကြောင်း ကျွန်းစုမြို့နယ်နေ ဒေသအချို့ထံမှ သိရသည်။
လက်ရှိတွင် ကျွန်းစုမြို့နယ်အတွင်း မျှင်ငါးပိရှယ်သန့်တစ်ပိဿာလျှင် တစ်သောင်းနှစ်ထောင်ကျပ် ဈေးပေါက်နေသည်။
ယခုနှစ် ဩဂုတ်လဝန်းကျင်ကမူ မိုးရာသီဖြစ်သော်လည်း ဈေးတက်ခြင်းမရှိဘဲ တစ်ပိဿာလျှင် ကျပ်တစ်သောင်း ဝန်းကျင်သာ ပေါက်ဈေးရှိခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။
မိုးရာသီတွင် နေရောင်ခြည်ကောင်းစွာမရသည့်အတွက် ဈေးတက်လေ့ရှိသော်လည်း တိုင်းအတွင်း စစ်ရေးအခြေအနေ များကြောင့် ဈေးကောင်းမရခဲ့ကြောင်း ကျွန်းစုမြို့နယ်ရှိ ငါးပိကုန်သည်တစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် ဒေသတွင်းဝယ်လိုအားများလာသည့်အပြင် တိုင်းပြင်ပ ဝယ်လိုအားပါတိုးလာသဖြင့် ဈေးတက်လာခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
ပွင့်လင်းရာသီရောက်လာပြီဖြစ်သဖြင့် ကထိန်ပွဲများနှင့် အလှူပွဲများအတွက် ငါးပိဝယ်လိုအားများလာခြင်းဖြစ်ကြောင်း ကုန်သည်အချို့က ပြောသည်။
“မိုးကလည်းကုန်စဆိုတော့ နေနည်းနည်းပူလာတာနဲ့ ငါးပိစလုပ်နေကြပြီ။ ဒါပေမဲ့ အော်ဒါတွေကများပြီး ရောင်းကုန်က မလောက်ဖြစ်နေတာ။ အဲဒီတော့ ဈေးနည်းနည်းတက်သွားတာပါ” ဟု ကော်ဇယာ ကျေးရွာအုပ်စုနေ ငါးပိကုန်သည် အမျိုးသမီးတစ်ဦးက ဆိုသည်။
သို့ရာတွင် တိုင်းအတွင်း စစ်ရေးတင်းမာမှုများကြောင့် ငါးပိဈေးပြန်ကျလာမည်ကို ငါးပိလုပ်နေသည့် ဒေသခံများက စိုးရိမ်နေကြသည်။
လက်ရှိတွင်ပင် မြိတ်-ဘုတ်ပြင်းသွား ပြည်ထောင်စုလမ်းကို အောက်တိုဘာလ ၂၈ ရက်နေ့ကစပြီး ဖြတ်သန်းသွားလာခြင်း မလုပ်ရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာန အမှတ်(၃၅)နည်းဗျူဟာအဖွဲ့က ထုတ်ပြန်ထားသည်။
“ပွင့်လင်းရာသီလည်း ရောက်လာပြီဆိုတော့ တိုက်ပွဲတွေကြောင့် လမ်းပိတ်ရင်တော့ နယ်ဝေးပို့ကုန်နည်းရင် ဈေးကျမှာပဲ စိတ်ပူတယ်” ဟု ကျွန်းစုမြို့နယ်နေ ငါးပိကုန်သည်တစ်ဦးက ပြောသည်။
ကျွန်းစုမြို့နယ်ထွက် မျှင်ငါးပိအများစုကို မြိတ်မြို့ကို အဓိကတင်ပို့ရောင်းချကြပြီး မြိတ်မြို့မှတစ်ဆင့် အခြားမြို့များနှင့် တိုင်းပြင်ပရှိ အခြားမြို့ကြီးများသို့ တင်ပို့ရောင်းချကြသည်။
ပြီးခဲ့သည့် မိုးရာသီကလည်း တိုင်းအတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိသဖြင့် ဒေသတွင်း ရောင်းချမှုသာရှိပြီး တိုင်းပြင်ပရှိ မြို့ကြီးများကို တင်ပို့မှုပမာဏက ယမန်နှစ်ထက် နည်းသွားကြောင်း မြိတ်မြို့ရှိ ငါးပိကုန်သည်အချို့က ပြောဆိုထားသည်။







