တနင်္သာရီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းရွာ စစ်မျက်နှာပြင်က စစ်အာဏာရှင်တပ်သား လေးဦးသည် KNU မြိတ်-ထားဝယ်ခရိုင် တပ်မဟာ (၄)၊ တပ်ရင်း (၁၁) ထံ ဘက်ပြောင်းလာကြောင်း KNU ထံမှ သိရသည်။
စက်တင်ဘာလ ၃၀ ရက်တွင် ရှေ့တန်းတစ်နေရာမှ လက်နက်မပါဘဲ ထွက်ပြေးလာကာ ဘက်ပြောင်းလာခြင်းဖြစ်ကြောင်း KNU က ထုတ်ပြန်ထားသည်။
ဘက်ပြောင်းလာသူ လေးဦးသည် စစ်မှုထမ်း အပတ်စဥ် ၁၂ အတွက် အဓမ္မစစ်သားစုဆောင်းခံရပြီး ရန်ကုန်တိုင်း မှော်ဘီမြို့နယ်ရှိ တပ်ရင်းတစ်ခုတွင် စစ်သင်တန်း တက်ခဲ့ရသူများဖြစ်ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။
သင်တန်းပြီးနောက် ပလောက်မြို့ရှိ ခလရ (၂၈၀) စစ်အာဏာရှင်တပ်ရင်းသို့ ပို့ဆောင်ခံရပြီး ရှေ့တန်းသို့ရောက်လာခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဘက်ပြောင်းလာသူများကို ကောင်းမွန်စွာစောင့်ရှောက်ထားပြီး မည်သို့လုပ်ဆောင်ရန် ဆန္ဒရှိသည်ကို မေးမြန်းထားဆဲ ဖြစ်ကြောင်း ပဒိုစောအယ်နားက ပြောဆိုသည်။
စက်တင်ဘာလ ၁၇ ရက်ကလည်း ပလောက်မြို့ ရှိ စစ်အာဏာရှင်တပ်၏ တိုင်း ၁၂ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းက သင်တန်းသား ခုနစ်ဦး KNU ထံဘက်ပြောင်း ခိုလှုံခဲ့သေးသည်။
နယ်စပ်လမ်းကို ပြန်လည်ထိန်းချုပ်ရန် စစ်အာဏာရှင်တပ်က အင်အားအများပြားဖြင့် စစ်ကြောင်းထိုးရာမှ တော်လှန်ရေးအင်အားစုများနှင့် သိန်ခွန်းရွာဝန်းကျင်တွင် တိုက်ပွဲများဖြစ်နေသည်မှာ ရှစ်လကျော် ကြာမြင့်လာပြီဖြစ်သည်။