ဖက်ဒရယ်အစိုးရဘတ်ဂျက်ဥပဒေကြမ်းကို ကွန်ဂရက်လွှတ်တော်က အချိန်မီ အတည်မပြုနိုင်သောကြောင့် အမေရိကန်ဖက်ဒရယ်အစိုးရယန္တရား စတင်ရပ်ဆိုင်းနေသည်။
၇ နှစ်နီးပါးကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ဖက်ဒရယ်အစိုးရယန္တရားရပ်တန့်မှု ဖြစ်ပေါ်လာပြီး ထရမ့်အစိုးရအနေဖြင့် မရေရာမှုအသစ်များဖြင့် စတင်ရင်ဆိုင်နေရပြီဖြစ်ကြောင်း နိုင်ငံတကာသတင်းများက ဖော်ပြသည်။
သတ်မှတ် နောက်ဆုံးရက်ဖြစ်သည့် ဗုဒ္ဓဟူးနေ့ ညသန်းခေါင်မတိုင်မီ ဖက်ဒရယ်အစိုးရဘတ်ဂျက်ဥပဒေကြမ်းကို အတည်ပြုရန် သမ္မတဒေါ်နယ်ထရမ့်နှင့် ကွန်ဂရက်လွှတ်တော်က ကြိုးစားခဲ့သော်လည်း ဒီမိုကရက်ပါတီအမတ်များက မဲခွဲပယ်ချခဲ့သည်။
ဒီမိုကရက်ပါတီဘက်က ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ တောင်းဆိုချက်များကို သမ္မတဒေါ်နယ်ထရမ့်နှင့် ရီပတ်ဘလင်ကန်အမတ်များက မလိုက်လျောလျှင် ဖက်ဒရယ်အစိုးရယန္တရား ရပ်တန့်စေမည်ဟု ဒီမိုကရက်အမတ်များက ခြိမ်းခြောက်ထားသည်။
ယင်းသို့ ခြိမ်းခြောက်ထားသည့်အတိုင်း ဒီမိုကရက်အမတ်များက ရီပတ်ဘလင်ကန်ပါတီဘက်မှ တင်သွင်းလာသည့် ဖက်ဒရယ်အစိုးရရန်ပုံငွေဥပဒေကြမ်းကို ပယ်ချခဲ့ခြင်း ဖြစ်သည်။
ဖက်ဒရယ်အစိုးရယန္တရားရပ်ဆိုင်းမှုကြောင့် ဖက်ဒရယ်အစိုးရဝန်ထမ်းပေါင်း ၇၅၀,၀၀၀ ခန့် လစာမဲ့ နားနေခွင့် အပေးခံရနိုင်ကြောင်း ခန့်မှန်းထားသည်။
ဖက်ဒရယ်အစိုးရဝန်ထမ်းအချို့ ရာသက်ပန်အလုပ်ထုတ်ခံရနိုင်ကြောင်း AP သတင်းတစ်ရပ်တွင် ဖော်ပြသည်။
အားလုံးမဟုတ်သော်လည်း ဖက်ဒရယ်အစိုးရဌာနအများအပြား ပိတ်ရနိုင်ပြီး အချို့မှာ ရာသက်ပန် ပိတ်ထားရနိုင်ခြေ ရှိသည်။
ဖက်ဒရယ်အစိုးရဘတ်ဂျက်ဥပဒေကြမ်း အတည်မပြုနိုင်လျှင် ပြန်ပြင်ဆင်၍ မရနိုင်သော ဆိုးရွားသည့် အရာများ လုပ်မည်ဟု သမ္မတထရမ့်က ခြိမ်းခြောက်ထားသည်။
ယင်းကြောင့် ဖက်ဒရယ်အစိုးရဌာနအချို့မှာ ရာသက်ပန်ပိတ်သိမ်းသွားရနိုင်ခြေရှိသည်ဟု AP သတင်းဌာနက ဖော်ပြသည်။
ထရမ့်အစိုးရအနေဖြင့် ရွှေ့ပြောင်းနေထိုင်သူများကို နှင်ထုတ်ရေးလုပ်ငန်းစဉ်မှာ ပိုမိုအရှိန်မြှင့်စွာ ဆက်လက်လုပ်ဆောင်လာနိုင်ခြေ ရှိသည်။
ပညာရေး ၊ သဘာဝပတ်ဝန်းကျင်အရေးနှင့် အခြားသော ဖက်ဒရယ်အစိုးရဝန်ဆောင်မှုများမှာ ပိုမိုအားနည်းနှေးကွေးသွားနိုင်ခြေ ရှိသည်။
အမေရိကန်နိုင်ငံအနှံ့တွင် စီးပွားရေးအရ ထိခိုက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာဖွယ် ရှိကြောင်း AP သတင်းဌာနက ဖော်ပြသည်။
Source: Associated Press ၊ BBC