BREAKING
October 19, 2025

ပညာရေးလုပ်ငန်းများအတွက် ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရန်ပုံငွေကမ်ပိန်းပြုလုပ်

October 1, 2025

ပုံစာ - ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဖွင့်လှစ်ထားသည့် မြေပြင်ကျောင်းတွင် ပညာသင်ကြားနေသည့် ကလေးငယ်များ။ ဓာတ်ပုံ - DUSU

ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဆောင်ရွက်နေသည့် ပညာရေးလုပ်ငန်းများတွင် အသုံးပြုရန် ‘ပန်းများဝေစည် အမိမြေမဟီ’ အမည်ဖြင့် ရန်ပုံငွေ ရှာဖွေရေးအစီအစဥ် ပြုလုပ်နေကြောင်း ယင်းသမဂ္ဂထံမှ သိရသည်။

အဆိုပါ ရန်ပုံငွေရှာဖွေရေးအစီအစဥ်ကို စက်တင်ဘာလ ၂၈ ရက်မှ အောက်တိုဘာလ ၂၈ ရက်အထိ တစ်လတာ ပြုလုပ်မည်ဟု လျာထားပြီး ရန်ပုံငွေကျပ်သိန်း ၇၀ ခန့် ရရှိရန်မျှော်ထားကြောင်း ဆိုသည် ။

အစီအစဥ်တွင် ပါဝင်လိုသူများအနေဖြင့် ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် ဆက်သွယ်ပါဝင်နိုင်ကြောင်း သမဂ္ဂထံမှ သိရသည်။

ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂသည် ထားဝယ်ခရိုင်အတွင်း မြေပြင်ကျောင်းတစ်ကျောင်း ဖွင့်လှစ်ထားကာ ကျောင်းသား ၇၀ ခန့်ကို အခြေခံပညာရေးသင်ကြားပေးနေပြီး အဆင်မြင့်ပညာရေးအတွက် ဆက်သွယ်ချိတ်ဆက် ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း သမဂ္ဂ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“လက်ရှိမှာ သမဂ္ဂအနေနဲ့ လုပ်နေတာကတော့ အထူးသဖြင့် အခြေခံပညာရေးပါပဲဗျ။ လက်ရှိမြေပြင်အနေအထားအရ စေတနာ့ဝန်ထမ်း အခက်အခဲက ဒုနဲ့ဒေးပါပဲ။ ဒါကြောင့်မို့လို့ ဒီကမ်ပိန်းက ရတဲ့ငွေအချို့နဲ့ အွန်လိုင်းသင်ကြားရေး (Online learning) အတွက် လျာထားပါတယ်” ဟု ၎င်းက ပြောဆိုသည် ။

ပညာသင်ကြားပေးမည့် စေတနာ့ဝန်ထမ်း အခက်အခဲရှိသဖြင့် လာရောက်ကူညီလိုသူများအနေဖြင့် သမဂ္ဂကို တိုက်ရိုက်ဆက်သွယ်နိုင်ပြီး စေတနာ့ဝန်ထမ်းများကို အခြေခံ ခံစားခွင့်နှင့် လုံခြုံရေး စီစဥ်ပေးမည်ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ဆိုသည်။

မြေပြင်ကျောင်းအပြင် လူငယ်ဖွံ့ဖြိုးရေး အစီအစဥ်အဖြစ် ကွန်ပျူတာ အခြေခံနှင့် ရှေ့ဦးသူနာပြုသင်တန်းများကို ဖွင့်လှစ် ထားပြီး အသက်မွေးဝမ်းကျောင်းနှင့်ဆက်စပ်သည့် သက်တန်းများကိုလည်း အွန်လိုင်း ပလက်ဖောင်းများမှ သင်ယူခွင့်ရရန် စီစဥ်နေကြောင်း သမဂ္ဂထံမှ သိရသည်။