ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ဧကနိကျေးရွာအနီးတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ နှစ်ရက်ဆက်တိုက်ပွဲဖြစ်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူအချို့ထံမှ သိရသည်။
အင်အား တစ်ရာဝန်းကျင်ရှိသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းနှင့် တော်လှန်ရေးတပ်တို့ စက်တင်ဘာလ ၃၀ ရက် နံနက် ၅ နာရီခန့်မှ နေ့လယ်ပိုင်းအထိ တစ်ကြိမ်ဖြစ်ပွားပြီး ယနေ့ အောက်တိုဘာလ ၁ ရက်တွင်လည်း နံနက်ပိုင်းကစပြီး ပစ်ခတ်မှုများ ထပ်မံဖြစ်ပွားနေကြောင်း တော်လှန်ရေးတပ်နှင့်နီးစပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။
“အခုအထိ ပစ်ကြတုန်း။ ရွာသားတွေအကုန် ထွက်ပြေးနေရတယ်” ဟု ယင်းအမျိုးသားက ယနေ့ နံနက် ၈ နာရီခန့်တွင် ပြောဆိုသည်။
စစ်အာဏာရှင်တပ်စစ်ကြောင်းသည် စက်တင်ဘာလ ၂၇ ရက် နံနက် ၄ နာရီခန့်မှစ၍ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ပုဂေါဇွန်းရွာသို့ စတင်ဝင်ရောက်လာကြောင်း ဒေသခံများထံမှ သိရသည်။
ပုဂေါဇွန်းရွာသို့ ရောက်ရှိချိန်တွင် ဒေသခံ ၃၀ ခန့်ကို ကနဦးဖမ်းဆီးကာ ပုဂေါဇွန်းရွာတွင် တစ်ညအိပ်ပြီးနောက် စက်တင်ဘာလ ၂၈ ရက်တွင် ဝက်ချောင်းနှင့် ခမောင်းချောင်းကျေးရွာများသို့ ဆက်လက်ထွက်ခွာသွားကြောင်း ဒေသခံများက ဆိုသည်။
ယင်းသို့ ထွက်ခွာလာချိန်တွင် ဖမ်းဆီးထားသည့် ပုဂေါဇွန်းဒေသခံ အားလုံးနီးပါးကို ပြန်လွတ်ပေးခဲ့သော်လည်း အမျိုးသားတစ်ဦးကိုမူ ဆက်လက်ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။
“တစ်ယောက်ပဲ ဖမ်းသွားတယ်။ သူက ထိုင်းကလာတာ သိပ်မကြာသေးဘူး၊ လူငယ်ပါပဲ။ ကျန်တဲ့သူတွေကို အားလုံးပြန်လွှတ်ခဲ့တယ်” ဟု ၎င်းက ပြောသည်။
စစ်အာဏာရှင်တပ်စစ်ကြောင်းသည် စက်တင်ဘာလ ၂၉ ရက်တွင်မူ ခမောင်းချောင်းဘုန်းကြီးကျောင်းတွင် ညအိပ်တပ်စွဲကာ စက်တင်ဘာလ ၃၀ ရက် နံနက်စောစောတွင် ဧကနိကျေးရွာသို့ စတင်ထွက်ခွာလာကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းသို့ ထွက်ခွာလာချိန် တော်လှန်ရေးတပ်များနှင့် ဧကနိကျေးရွာအနီး စတင်တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ထို့ကြောင့် ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေဇုန်ဒေသအတွင်းရှိ ဝက်ချောင်း၊ ခမောင်းချောင်း၊ ဧကနိ၊ ဝဇွမ်းတော၊ ကုန်းသာယာအင်း၊ ရငဲကျေးရွာတို့က ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေကြရပြီး အချို့ ကျေးရွာများတွင် ဒေသခံများမှာ အခြေအနေစောင့်ကြည့်ကာ နေထိုင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။