တိုက်ပွဲကြောင့် လမ်းပိတ်ပြီး ကုန်စည်စီးဆင်းမှုရပ်တန့်နေသောကြောင့် ထားဝယ်မြို့တွင် ကုန်စိမ်းများ စျေးနှစ်ဆ တက်နေပြီး ကြက်ဥတစ်လုံးလျှင်မူကျပ် ၁၂၀၀ စျေးရှိကာ ဝယ်ယူရ ခက်ခဲနေကြောင်း ထားဝယ်မြို့၊ ကမ်းနားစျေးရှိ စားသုံးကုန်စည် စျေးကွက်နှင့် မြို့ခံများထံမှ သိရသည်။
ဩဂုတ်လ ၃၁ ရက်ကစပြီး အခြေခံစားသောက်ကုန်များ ဖြစ်သည့် ကြက်ဥ အပါဝင် ကုန်စိမ်းများ ပြတ်လပ်ပြီး စျေးတက်သွားခြင်းဖြစ်ကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။
မလွှဲတောင်-ကလိန်အောင်လမ်းပိုင်းတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား ဩဂုတ်လ ၂၃ရက်မှ ၂၅ ရက်အထိ သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့ပြီးနောက် ဩဂုတ်လ ၂၆ရက် ညနေပိုင်းကစပြီး လမ်းပိတ်သွားခြင်းဖြစ်သည်။
ထို့ကြောင့် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရဘဲ ပိတ်မိနေသောကြောင့် ထားဝယ် စျေးကွက်ရှိ စားသုံးကုန်စည်စျေးကွက်တွင် တိုင်းပြင်ပမှ တင်သွင်းသည့် စားသုံးကုန်များ ပြတ်လပ်ပြီး စျေးတက်သွားခြင်း ဖြစ်သည်။
လမ်းမပိတ်မီက ကြက်ဥတစ်လုံးလျှင် ၅၀၀ကျပ်နှင့် ၆၀၀ကြားတွင်ရှိရာမှ ဩဂုတ်လ ၃၁ ရက်တွင် ၁၂၀၀ကျပ်သို့ စျေးတက်သွားကြောင်း စျေးကွက်အတွင်းမှ သိရသည်။
ထို့အတူ မုလာဥနီတစ်ကီလိုလျှင် ၄၀၀၀ ကျပ် နှင့် ၅၀၀၀ကျပ်ကြား ရှိရာမှ ဩဂုတ်လ ၃၁ ရက်တွင် တစ်လုံးလျှင် ကျပ် ၃၆၀၀ ကျပ်မှ ၄၀၀၀ ကျပ်ကြား ဖြစ်လာကြောင်း စျေးကွက်အတွင်းမှ သိရသည်။
ယင်းအပြင် ဂေါ်ဖီ အလုံးကြီးတစ်လုံးလျှင် ၆၀၀၀ကျပ်စျေးရှိရာမှ ယခု ၁၂၀၀၀ကျပ် ဖြစ်သွားကြောင်း ထာဝယ်မြို့ ကမ်းနားစျေးတွင် စားသုံးကုန်စည်ရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောသည်။
“မုန်လာဥနီဆိုရင် ဒီနေ့ လက်ကျန်ပဲ၊ ဒါကုန်ရင် မရှိတော့ဘူး။ ဂေါ် ဖီကျတော့ အလုံးလိုက် စျေးကြီးလို့ စိတ်ပြီးရောင်း နေရတယ်။ ဒါလည်း လက်ကျန်ပါပဲ။ ကုန်ရင် မရှိတော့ဘူး” ဟု ၎င်းက ပြောဆိုသည်။
တိုင်းပြင်ပမှ တင်သွင်းသည့် အခြားကုန်စိမ်းပစ္စည်းများဖြစ်သည့် ခရမ်းချဉ်သီး၊ ပြောင်းဖူး၊ ဆလတ်ရွက်၊ မုံညင်းရွက်နှင့် ပန်းတို့မှာမူ စျေးကွက်အတွင်း မရှိတော့ကြောင်း လောင်းလုံးမြို့နယ်ရှိ စျေးများတွင် လိုက်လံရောင်းချသူ အမျိုးသမီး တစ်ဦးက ဆိုသည်။
“မနေ့က ခရမ်းချဉ်သီး တစ်ပိဿာ တစ်သောင်းကျော်တယ်။ ဒါ့ကြောင့် ဝယ်မရောင်း ဖြစ်ဘူး။ ဒီနေ့ဆိုရင် ခရမ်းချဉ်သီး ဝယ်ဖို့ မရှိတော့ဘူး” ဟု ၎င်းက ပြောသည်။
ကြက်ဥမှာ စျေးတက်သည့်အပြင် ပြတ်လပ်လာသဖြင့် ထားဝယ်မြို့ ပေါ်ရှိ စားသောက်ဆိုင်အချို့တွင် ကြက်ဥနှင့် ပြုလုပ်ရသည့် မုန့်အမျိုးအစားအချို့ မရောင်းတော့ကြောင်း ကြေညာထားသည်ကို တွေ့ရသည်။
စျေးတက်သွားသည့် ကုန်စိမ်းများမှာ ရန်ကုန်မြို့စျေးကွက်မှတစ်ဆင့်တင်သွင်း ရောင်းချကြသည့်ခြင်းဖြစ်သည်။ ကြက်ဥမှာ ထားဝယ် ဒေသတွင်ထွက်ရှိသော်လည်း ဒေသအတွင်း စားသုံးရန် လုံလောက်မှု မရှိခြင်းကြောင့် တင်သွင်းရခြင်း ဖြစ်သည်။
အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းသည် ယနေ့ စက်တင်ဘာလ ၁ ရက်အထိ ပိတ်နေဆဲဖြစ်ပြီး တိုင်းအတွင်းသို့ ရန်ကုန်၊ မော်လာမြိုင်တို့ဘက်က တင်သွင်းသည့် ကုန်စည်စီးဆင်းမှုရပ်တန့်နေသည်မှာ ခုနစ်ရက်မြောက်ရှိလာပြီ ဖြစ်သည်။
ခရီးသွားယာဉ်များနှင့် ကုန်တင်ယာဉ်များသည့် ယခုလက်ရှိ ရေဖြူမြို့နယ် မလွှဲတောင်-ကလိန်အောင် လမ်းပိုင်းဖြစ်သည့် ကျောက်ကဒင်ကျေးရွာနှင့် လော့သိုင်းကျေးရွာအနီးတွင် ပိတ်မိနေကြပြီး မိုးရာသီဖြစ်၍ နေထိုင်စားသောက်ရန်အခက်အခဲရှိ ကြောင်း ပိတ်မိနေသည့် ခရီးသည်တင်ယဉ်မောင်းတစ်ဦးက ပြောသည်။
“နေ့ဘက်ဆို လမ်းဖွင့်နိုးနိုးနဲ့ အပြင် လာစောင့်တယ်။ ညဘက်ဆို ရွာရှိတဲ့နေရာ သွားနေရတယ်။ ကျွန်တော်ကတော့ ခရီးသည်တွေနဲ့ ညှိပြီး ရန်ကုန်ပြန်လှည့်လိုက်ပြီ။ ကုန်ကားတွေက မိုင် ၇၀ လောက်ပဲကျန်ပြီလေ၊ ဖွင့်နိုးနိုး ဖွင့်နိုးနိုးနဲ့ စောင့်ရတာ သူတို့က ပိုပင်ပန်းခက်တယ်။ အမြန်ပြန်ဖွင့်ပေးဖို့ တောင်းဆိုချင်တယ်” ဟု ၎င်းက ပြောဆိုသည်။
ရန်ကုန်-ထားဝယ် လမ်းပိုင်းတွင် ဩဂုတ်လ ၂၇ ရက် နှင့် ၂၈ ရက်တို့တွင် တိုက်ပွဲ ထပ်ဖြစ်ပြီး စစ်ရေးတင်းမာနေသည့် အနေအထား ရှိနေဆဲဖြစ်သည်။







