လောင်းလုံးမြို့နယ်ရှိ ကျေးရွာသုံးရွာမှ စစ်ဘေးရှောင်များကို ထောက်ပံ့ကူညီသည့် ငွေကြေးနှင့် ပတ်သက်၍ အရှုပ်အရှင်းဖြစ်ပေါ်မှုကြောင့် ထိန်းသိမ်းခံထားရသည့် အမျိုးသမီးသုံးဦးကို မော်ဒန်ပန့် (Modern Punks)အဖွဲ့က ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။
“ကျွန်မက (ဩဂုတ်လ) ၃၁ ရက် နေ့လယ်ပိုင်းမှာ ပြန်လွတ်လာတယ်။ အခုအိမ်ရောက်နေပြီ။ ကျန်တဲ့သူတွေကတော့ ကျွန်မထက်ဦးတယ်လွှတ်လိုက်တာ” ဟု ထိန်းသိမ်းခံရသူ အမျိုးသမီးတစ်ဦးကပြောသည်။
စစ်ဘေးရှောင်ထောက်ပံ့ငွေများကို မြေပြင်တွင်လိုက်လံထောက်ပံ့ပေးသူ အမျိုးသမီးသုံးဦးအား ဩဂုတ်လ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ထိန်းသိမ်းခဲ့ကြောင်း မော်ဒန်ပန့်အဖွဲ့တည်ထောင်သူ ကိုကြက်ဥက ပြောသည်။
အဆိုပါအမျိုးသမီးသုံးဦးအပါအဝင် စစ်ဘေးရှောင်ထောက်ပံ့ငွေရရှိသူ ၂၅၆ ဦးအား စစ်ဆေးချက်အရ အဖွဲ့အစည်းက ထောက်ပံ့ခိုင်းသည့် ငွေပမာဏအတိုင်း ထောက်ပံ့ပေးထားသည့် စာရင်းအထောက်အထားများ ချပြနိုင်ခဲ့ကြောင်း ယနေ့ (စက်တင်ဘာ ၁)တွင် ထုတ်ပြန်သည့် ရုပ်သံဖိုင်၌ ကိုကြက်ဥက ပြောဆိုထားသည်။
သို့သော် ထိန်းသိမ်းခံရသူအမျိုးသမီးသုံးဦးတို့သည် စစ်ဘေးရှောင်ထောက်ပံ့ငွေရသူအချို့ထံမှ ငွေကျပ် ၂၉ သိန်းကျော်( ၂၉၁၀၀၀၀ ကျပ်) အား အကြောင်းမျိုးမျိုးဖြင့် ရယူထားသည့်ကို တွေ့ရှိရသည်ဟု ကိုကြက်ဥက အဆိုပါရုပ်သံဖိုင်တွင် ပြောဆိုသည်။
ထိုငွေကျပ် ၂၉ သိန်းကျော်အား ရည်ရွယ်ချက်ရှိရှိ ရယူထားခြင်းမဟုတ်သောကြောင့် ထိန်းသိမ်းထားသူသုံးဦးကို ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်းလည်း ၎င်းကပြောဆိုသည်။
“သူတို့(ထိန်းသိမ်းခံရသူအမျိုးသမီးသုံးဦး) သည် ရည်ရွယ်ချက်ရှိရှိနဲ့ ငွေကြေးကွာဟအောင် လုပ်ထားတာမဟုတ်တဲ့အတွက် သူတို့သုံးဦးစလုံးကို အိမ်ပြန်ခွင့်ပေးလိုက်ပြီဖြစ်ပါတယ်” ဟု ကိုကြက်ဥက ပြောဆိုသည်။
ထောက်ပံ့ကြေးရသူများထံမှ အကြောင်းအမျိုးမျိုးဖြင့် ရယူထားသည့် ၂၉၁၀၀၀၀ ကျပ်ကိုလည်း အမျိုးသမီးသုံးဦးက ပြန်ပေးခဲ့သည်ဟုဆိုသည်။
ယင်းငွေများကို စစ်ဘေးရှောင်များအား ငွေကြေးထောက်ပံ့ပေးခဲ့သည့် မူလအဖွဲ့အစည်းအား ပြန်ပေးအပ်မည်ဖြစ်ပြီး အဆိုပါအဖွဲ့အစည်မှ ပြန်မယူတော့ပါက အမှန်တကယ်လိုအပ်နေသည့် စစ်ဘေးရှောင်များကို ထောက်ပံ့သွားမည်ဖြစ်ကြောင်း ကိုကြက်ဥကဆိုသည်။
လုံခြုံရေးအရ အမည်မဖော်လိုသည့် အဖွဲ့အစည်းတစ်ခု( တော်လှန်ရေးအဖွဲ့အစည်းမဟုတ်) က လောင်းလုံးမြို့နယ်ရှိ ကျေးရွာသုံးရွာက စစ်ဘေးရှောင်များအတွက် ငွေကျပ်သိန်းကိုးရာကျော် ထောက်ပံ့သည့်ကိစ္စနှင့် ပတ်သက်၍ ငွေကြေးအရှုပ်အရှင်းများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။