BREAKING
October 18, 2025

စစ်အာဏာရှင်တပ်ပိတ်ဆို့မှုကြောင့် တနင်္သာရီ ကျေးရွာအချို့တွင် ဓာတ်မြေဩဇာ ပိဿာချိန်ဖြင့်သာ ဝယ်သုံးရ

September 1, 2025

စစ်အာဏာရှင်တပ်က ဓာတ်မြေဩဇာသယ်ယူခွင့် ပိတ်ပင်ထားသဖြင့် တနင်္သာရီမြို့နယ်ရှိ ကျေးရွာအချို့တွင် ဓာတ်မြေဩဇာ အိတ်အလိုက် ဝယ်ယူ၍မရဘဲ ပိဿာချိန်ဖြင့်သာ ဝယ်ယူသုံးစွဲနေရကြောင်း လယ်သမားများနှင့် ကုန်စုံဆိုင်ပိုင်ရှင်အချို့ထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လကစတင်ကာ တနင်္သာရီမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ် ထိန်းချုပ်နယ်မြေများကို စစ်အာဏာရှင်တပ်က ကုန်စည်တင်သွင်းခွင့် ပိတ်ပင်ထားရာ ဓာတ်မြေဩဇာလည်း ပါဝင်သည်။

ထို့ကြောင့် အဆိုပါဒေသရှိ စပါးခင်းများတွင် အသုံးပြုမည့် ပုလဲဓာတ်မြေဩဇာကို ဝယ်ယူရန်ခက်ခဲနေပြီး ပိဿာချိန်ဖြင့်သာ ဝယ်နေရကြောင်း အနောက်မော်တုန်းကျေးရွာအုပ်စုနေ လယ်သမားတစ်ဦးက ဆိုသည်။

“ဆိုင်တွေမှာက ပိဿာလိုက်ပဲ ရောင်းတယ်။ စျေးကတော့ သိပ်မတက်ပေမယ့် ပိဿာချင်း ဝယ်သုံးနေရတယ်” ဟု ၎င်းက ပြောသည်။

အနောက်မော်တုန်းကျေးရွာအုပ်စုရှိ ကျေးရွာ ၁၀ ရွာကျော်အပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာ ၂၀ ခန့်တွင် ယင်းကဲ့သို့ ဝယ်ယူနေခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

စစ်အာဏာရှင်တပ်က ကုန်ပစ္စည်း သယ်ဆောင်ခွင့်မကန့်သတ်မီက ဓာတ်မြေဩဇာကို မြိတ်မှတစ်ဆင့် ဝယ်ယူနေ သော်လည်း ကန့်သတ်ပြီးနောက်တွင် တနင်္သာရီမြို့မှ ဝယ်နေရကြောင်း အနောက်မော်တုန်းကျေးရွာအုပ်စုရှိ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။

ယင်းသို့ တနင်္သာရီမြို့မှ ဝယ်ယူရာတွင် တစ်ပတ်လျှင် ဓာတ်မြေဩဇာတစ်အိတ်သာ ဝယ်ခွင့်ရှိသဖြင့် စျေးတက်လာကြောင်း ၎င်းက ပြောသည်။

သယ်ယူခွင့် မကန့်သတ်မီက ဓာတ်မြေဩဇာတစ်အိတ်လျှင် တစ်သိန်းသုံးသောင်းကျပ်ဖြင့် ဝယ်ယူရပြီး လက်ရှိတွင် တစ်သိန်းရှစ်သောင်းကျပ်ဖြင့် ဝယ်ယူနေရကြောင်း အဆိုပါကုန်စုံဆိုင်ပိုင်ရှင်က ဆိုသည်။

လယ်သမားများကို ပိဿာလိုက် ပြန်ရောင်းချရာတွင် တစ်ပိဿာလျှင် ကျပ် ၇၀၀၀ ဝန်းကျင်ဖြင့် ရောင်းချနေကြောင်း ပြောဆိုသည်။

“မြို့ပေါ်ကနေ တစ်ပတ်မှာ တစ်အိတ်ပဲ ဝယ်ခွင့်ရှိတော့ ရွာမှာပြန်ရောင်းရင် မလောက်မငဖြစ်တယ်။ တစ်ခါသွားဝယ် တစ်အိတ်ပဲရတော့ သုံးလေးရက်ပဲ ရောင်းရတယ်” ဟု အထက်ပါကုန်စုံဆိုင်ပိုင်ရှင်က ပြောသည်။

တကူကျေးရွာအုပ်စုတွင်မူ ဓာတ်မြေဩဇာကို အိတ်အလိုက် ဝယ်ယူ၍ရနေသော်လည်း စျေးတက်လာသဖြင့် လျှော့သုံးနေရကြောင်း ခြောက်အိမ်စုရွာနေ စပါးစိုက်တောင်သူတစ်ဦးက ဆိုသည်။

တကူကျေးရွာအုပ်စုတွင် ဓာတ်မြေဩဇာတစ်အိတ်လျှင် နှစ်သိန်းနှစ်သောင်းကျပ်ဖြင့် ဝယ်ယူနေရကြောင်း တောင်သူအချို့ထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်ကမူ ဓာတ်မြေဩဇာတစ်အိတ်လျှင် တစ်သိန်းခုနစ်သောင်းကျပ် ပေါက်ဈေးရှိခဲ့သည်။

ထိုကြောင့် ယမန်နှစ်က စပါး ၁၀ တင်းခင်း (မျိုးစပါး ၁၀ တင်းကြဲထား) တစ်ခင်းလျှင် ဓာတ်မြေဩဇာ ၄အိတ် အသုံးပြုနိုင်သော်လည်း ယခုနှစ်တွင် တစ်အိတ်သာ အသုံးပြုနိုင်တော့ကြောင်း ခြောက်အိမ်စုရွာနေ လယ်သမားက ပြောသည်။

“မြေဩဇာ စျေးတက်လာတော့ စပါးတွေ မလှတဲ့နေရာမျိုးကိုလောက်ပဲ ရွေးပြီးကျွေးနိုင်တယ်။ အစကလို အကုန်လုံး မကျွေးနိုင်တော့ဘူး။ ဒီနှစ်က စပါးထွက်နှုန်းကျမယ် စိတ်ပူနေရတယ်” ဟု ၎င်းက ဆိုသည်။

တော်လှန်ရေးတပ်များက ဓာတ်မြေဩဇာကို လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုနေသည်ဟုဆိုကာ စစ်အာဏာရှင်တပ်က ပိတ်ပင်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

စစ်ကော်မရှင်လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၃ ခုနှစ် ဒေသဆိုင်ရာအချက်အလက်အရ တနင်္သာရီမြို့နယ်အတွင်း လယ်စိုက်ဧက ၃၂၀၀၀ ကျော်ရှိကြောင်း ဖော်ပြထားသည်။