BREAKING
October 19, 2025

ရေဖြူ မရမ်းချောင်းရွာတွင် မိသားစုတစ်စု မိုင်းနင်းမိ၊ ကလေးတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

September 1, 2025

ပုံစာ - မိုင်းထိ၍ ဒဏ်ရာရခဲ့သည့် ဇနီးမောင်နှံ ကို ဆေးရုံပို့ရန် ပြင်ဆင်နေစဥ်။ ဓာတ်ပုံ - CJ

ရေဖြူမြို့နယ်၊ မရမ်းချောင်းရွာတွင် ယနေ့ စက်တင်ဘာလ ၁ ရက် နံနက်ပိုင်းတွင် မိသားစုဝင်သုံးဦး ရေး-ထားဝယ်ကားလမ်း နံဘေးတွင် မိုင်းနင်းမိကြောင်း ဒေသခံရွာသားများက ပြောသည်။

မိုင်းနင်းမိသဖြင့် အသက် ၅၀ ဝန်းကျင်အရွယ် ဦးကိုဦးနှင့် ဇနီးဖြစ်သူ အသက် ၃၀ကျော်အရွယ် ဒေါ်ဇာခြည်မိုးတို့ ထိခိုက် ဒဏ်ရာရပြီး အသက် ၂ နှစ်ကျော်အရွယ် သားဖြစ်သူ သေဆုံးကြောင်း ရွားသားများက ဆိုသည်။

ဒဏ်ရာရရှိသူ နှစ်ဦးကို ဆေးကုသနိုင်ရန် ထားဝယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ၎င်းတို့က ပြောဆိုသည်။

မရမ်းချောင်းရွာအနီး ရေး-ထားဝယ် ကားလမ်းမတွင် သစ်ပင်လှဲချ၍ ပိတ်ထားသည့်နေရာ၏ နံဘေးတွင် မိုင်းနင်းမိခြင်း ဖြစ်ပြီး အလားတူ ဩဂုတ်လ ၃၀ ရက်ကလည်း ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိကာ ဒဏ်ရာရခဲ့သေးကြောင်း ရွာသားများထံမှ သိရသည်။

“ပထမဖြစ်တဲ့နေရာမှာ ဆိုင်ကယ်လဲကျနေတာကို သွားဖို့ လမ်းပိတ်နေလို့ သွားဖယ်တာ ထပ်ပြီးထပေါက်တယ်။ ကလေးကတော့ ပွဲချင်းပြီပဲ။ ကိုဦးမှာတော့ ဒဏ်ရာနည်းနည်းများတယ်။ သူ့မိန်းမကတော့ ဒဏ်ရာနည်းတယ်” ဟု ရွာသားတစ်ဦးက ပြောသည်။

သြဂုတ်လ ၃၀ ရက်က မိုင်းနင်းမိခဲ့သည့် အမျိုးသားသည့် ယမ်းငွေ့ကြောင့် မျက်လုံးတစ်ဖက် အမြင်အာရုံထိခိုက်သွားပြီး ခြေတောက်တစ်ဖက်လည်း အရိုးအစားထိုးကုသရမည့် အခြေအနေရှိကြောင်း ၎င်း၏ မိတ်ဆွေတစ်ဦးက ဆိုသည်။

မရမ်းချောင်းရွာတည်ရှိသည့် ရေး-ထားဝယ်ကားလမ်းပိုင်း ကလိန်အောင်နှင့် မလွှဲတောင်ကြားတွင် စစ်ရေးတင်းမာကာ ကျေးရွာ ဆယ်ရွာထက်မနည်းက ဒေသခံများ ထွက်ပြေးနေရသည်။ လမ်းပိတ်ထားသဖြင့် လော့သိုင်း၊ ကျောက်ကဒင် စသည့် ကျေးရွာများတွင် ခရီးသည်တင်ယာဥ်၊ ကုန်တင်ယာဥ်များ ပိတ်မိနေသည်မှာ ရက်သတ္တပတ်ကျော်လာပြီဖြစ်သည် ။

သြဂုတ်လ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ထပ်ရှိခဲ့ပြီး စစ်ဆိုင်နေသည့် အနေအထားရှိကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများထံမှသိရသည် ။