BREAKING
October 19, 2025

အာဖဂန်နစ္စတန်တွင် အင်အားပြင်းငလျင်ကြောင့် လူ ၆၀၀ ကျော် သေဆုံးပြီး ၁၅၀၀ ကျော်ဒဏ်ရာရ

September 1, 2025

ဓာတ်ပုံ - Reuters

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် တနင်္ဂနွေနေ့ ညပိုင်းက မဂ္ဂနီကျု ၆.၀ အဆင့်ရှိ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် အနည်းဆုံး လူ ၆၂၂ ဦး သေဆုံးခဲ့ကြောင်း တာလီဘန်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန၏ ကနဦးထုတ်ပြန်ချက်အရသိရသည်။

ငလျင်ဒဏ်ကြောင့် ကျေးရွာအမြောက်အများ ပျက်စီးခဲ့ကာ လူပေါင်း ၁၅၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်းလည်း အဆိုပါ ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ငလျင်မှာ တနင်္ဂနွေနေ့ည ဒေသစံတော်ချိန် ၁၁ နာရီ ၄၇ မိနစ်တွင် အာဖဂန်နစ္စတန်နိုင်ငံ နန်ဂါဟောပြည်နယ် ၊ ဂျလဲလာဘတ်မြို့၏ အရှေ့မြောက်ဘက် ၁၇ မိုင် ခန့်အကွာတွင် ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒသုတေသနအဖွဲ့အစည်းက ထုတ်ပြန်ထားသည်။

လက်ရှိတွင် ငလျင်ဒဏ်သင့် နယ်မြေများသို့ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိနေရာ သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက် မြင့်တက်လာဦးမည်ဟု ခန့်မှန်းထားသည်။

ငလျင်မှာ မြေအောက်အနက် ၅ မိုင်တွင် ဗဟိုပြု လှုပ်ခတ်ခဲ့ခြင်းဖြစ်ရာ မြေအောက်အနက်တိမ်သော ငလျင်ဖြစ်၍ ထိခိုက်ပျက်စီးမှုပိုများစေကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြကြသည်။

ငလျင်ဒဏ်ခံရသည့် ဧရိယာတော်တော်များများတွင် သေဆုံးထိခိုက်မှုစာရင်းကို မသိရသေးကြောင်း ၊ သေဆုံးထိခိုက်မှုကိန်းဂဏန်းများမှာ ထပ်မံမြင့်တက်လာဦးမည်ဟု ခန့်မှန်းကြောင်း တာလီဘန်အစိုးရ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

Source: Sky News ၊ Associated Press