BREAKING
November 1, 2025

အာဆင်နယ်က ပွဲကိုစိုးမိုးထားပေမယ့် Free Kick ဂိုး အပိုင်ကန်သွင်းပြီး လီဗာပူးအနိုင်ယူ

September 1, 2025

လီဗာပူးဟာ အာဆင်နယ်ကို အိမ်ကွင်းအန်ဖီးလ်မှာ ၁ ဂိုး ဂိုးမရှိနဲ့အနိုင်ယူပြီး အမှတ်ပေးဇယားရဲ့ထိပ်ဆုံးနေရာဆီကို တက်လှမ်းရောက်ရှိသွားခဲ့ပြီပဲဖြစ်ပါတယ်။ လီဗာပူးအတွက် အဖိုးတန်အနိုင်ဂိုးကို ဇိုဘော့စ်ဇလိုင်း က သွင်းယူပေးသွားခဲ့တာပါ။

ဇိုဘော့စ်ဇလိုင်း ဟာ အာဆင်နယ်နဲ့ဂိုးပေါက်နဲ့ ၃၂ ဒသမ ၃ ကိုက်အကွာမှာ ရရှိတဲ့ အလွတ်တည်ကန်ဘောကို လှလှပပကန်သွင်းပြီး လီဗာပူးအတွက် အဖိုးတန်အနိုင်ဂိုးကို ရယူပေးသွားခဲ့ပါတယ်။

အခုဆိုရင် လီဗာပူးက ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲ ယှဉ်ပြိုင်ကစားပြီးသွားခဲ့ပါပြီ။ ၃ ပွဲကစား၊ ၃ ပွဲနိုင်ဆိုတဲ့ မှတ်တမ်းကောင်းကိုလည်း ရေးထိုးစိုက်ထူသွားနိုင်ခဲ့ပါတယ်။ ဒီပွဲစဉ် ၃ ပွဲမှာ ပြောစရာဖြစ်လာတာက လီဗာပူးရဲ့ကံပါပဲ။ ဒါကို ချန်ပီယံဖြစ်မယ့်အသင်းတွေမှာ မြင်ရတတ်လေ့ရှိတဲ့ကံလို့ တင်စားကြလေ့ရှိပါတယ်။

လီဗာပူးက ကစားခဲ့ပြီးတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲလုံးမှာ ပြိုင်ဘက်တွေကို အသည်းအသန် ကစားခဲ့ရပြီး နောက်ဆုံးမိနစ်အပိုင်းအခြားတွေဆီကိုရောက်မှ အနိုင်ဂိုးတွေ ရသွားခဲ့ပါတယ်။ အခုပွဲစဉ်မှာဆိုရင်လည်း ကစားကွက်အရ အာဆင်နယ်က အသာစီးအနေအထားမှာရှိနေခဲ့ပြီး ပွဲကို စိုးမိုးထားခဲ့တာပါ။ ဒါပေမဲ့ အဆုံးသတ်မှာ အနိုင်ဂိုးနဲ့အတူ အနိုင် ၃ မှတ်ကို ရယူသွားနိုင်ခဲ့တာက လီဗာပူးဖြစ်ပါတယ်။

ဘုန်းမောက်၊ နယူးကာဆယ်တို့ကို ရင်ဆိုင်ခဲ့ရတဲ့ပွဲတွေမှာလည်း ၂ ဂိုးစီ သရေဖြစ်ပြီးတဲ့နောက် လီဗာပူးဟာ နောက်ဆုံးမိနစ်အပိုင်းအခြားတွေထဲ ဂိုးတွေရအောင် သွင်းသွားနိုင်ခဲ့သလို အခုပွဲမှာလည်း မိနစ် ၈၀ ကျော်မှာရရှိတဲ့သွင်းဂိုးနဲ့အတူ လီဗာပူးက အာဆင်နယ်ကို အနိုင်ရသွားခဲ့တာပါ။ ဒါဟာ ချန်ပီယံဖြစ်ဖို့ရည်စူးတဲ့အသင်းတစ်သင်းမှာ လိုအပ်တဲ့ ချန်ပီယံ Luck ပါပဲ။ အခုဆိုရင် ဒီ Luck ကို လီဗာပူးဆီမှာ ၃ ပွဲဆက်တိုက် မြင်ခွင့်ရခဲ့ပြီလို့တောင် ပြောရပါလိမ့်မယ်။

လီဗာပူးနည်းပြ အာနေး ဆလော့တ်ဟာ ဘုန်းမောက်၊ နယူးကာဆယ်တို့နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲတွေတုန်းက လိုအပ်ချက်တွေရှိခဲ့တဲ့ အသင်းခံစစ်ကို ဒီပွဲမှာ စနစ်တကျ ပြုပြင်ထားခဲ့ပါတယ်။ ချန်ပီယံပြေးလမ်းထက်မှာ အပြိုင်အဆိုင်ဖြစ်နိုင်ခြေရှိနေတဲ့ပြိုင်ဘက်ကို လီဗာပူး က အမှားအယွင်းမရှိ ထိန်းချုပ်ပြီး နောက်ဆုံးမှာ လိုအပ်တဲ့အနိုင်ရလဒ်ကို ပုံဖော်ရယူသွားခဲ့တာပါ။

ဘုန်းမောက်နဲ့ နယူးကာဆယ်တို့ကို နှစ်ဂိုးစီ ပေးခဲ့ရတဲ့လီဗာပူးဟာ ဒီပွဲမှာတော့ ခံစစ်တည်ငြိမ်ခဲ့ပါတယ်။ ရာသီဖွင့်ပွဲစဉ် နှစ်ပွဲလုံးကို ကိုယ်စီကိုယ်ငှ အနိုင်ရထားတဲ့ လီဗာပူးနဲ့ အာဆင်နယ်တို့ဟာ တစ်သင်းနဲ့ တစ်သင်း အမှားချောင်းပြီး ထိန်းကစားသွားခဲ့တာပါ။

လီဗာပူးဆီမှာ အရေးကြုံတဲ့အချိန်ရောက်လာရင် ဂိုးသွင်းပေးမယ့်သူ ပေါ်ထွက်လာတာက တကယ့်ကိုပဲ အားရစရာကောင်းလွန်းလှပါတယ်။ ဒီပွဲမှာ အသင်းနှစ်သင်းက ပွဲချဉ်းကပ်တဲ့နည်းဗျူဟာချင်း မတူညီကြပါဘူး။ လီဗာပူးနည်းပြ အာနေး ဆလော့တ်က ၄-၂-၃-၁ အခင်းအကျင်းကို အားပြုပြီး အီကီတီကီ,ကို အထောင်တိုက်စစ်မှူးနေရာမှာ ထားရှိသွားခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာ ကတော့ တိုက်စစ်အသားပေးတဲ့ ၄-၃-၃ ကစားကွက်ကို အသုံးပြုလာခဲ့တာပါ။ တိုက်စစ်ရဲ့ဗဟိုချက်မှာ ဂျိုကရက်စ်ကို ထားရှိခဲ့ပြီး မာတင်နယ်လီနဲ့ မာဒူကီတို့က တိုက်စစ်တောင်ပံတွေကနေ ပွဲထွက်ကစားသွားခဲ့ပါတယ်။

ပွဲအစ ၅ မိနစ်မှာတင် ဆလီဘား ဒဏ်ရာရသွားတာကတော့ အာဆင်နယ်အတွက် ကြီးမားလှတဲ့ထိုးနှက်ချက်ပါပဲ။ ဆလီဘား သာ ဒဏ်ရာပြင်းထန်ခဲ့ရင် ရှေ့လာမယ့်ပွဲတွေမှာ အာဆင်နယ်ခံစစ် အခက်တွေ့သွားနိုင်ပါတယ်။

ချန်ပီယံဖြစ်ချင်တဲ့အသင်းအချင်းချင်း တွေ့ရင် အနည်းဆုံးအဖြစ် ပြိုင်ဘက်ကို ကိုယ့်အိမ်ကွင်းမှာ အနိုင်ရအောင် ကစားနိုင်စွမ်းရှိရမယ်ဆိုတဲ့ ဖော်မြူလာကို လီဗာပူးက တိတိကျကျ အကောင်အထည်ဖော်သွားခဲ့ပွဲလို့လည်း တစ်ဖက်မှာ ပြောနိုင်ပါတယ်။ တစ်သင်းနဲ့ တစ်သင်း အမှားချောင်းကာ ပွဲထိန်းကစားနေရင်းက လိုအပ်တဲ့အနိုင်ဂိုးကို အမိအရ ရှာဖွေသွားနိုင်တာဟာ လီဗာပူးကို ချီးကျူးရမယ့်အချက်ပါပဲ။

လီဗာပူးအတွက် အဖိုးတန်လွန်းလှတဲ့ အဖိုးတန်အနိုင်ဂိုးကို ပွဲကစားချိန် ၈၃ မိနစ်မှာ ဇိုဘော့စ်ဇလိုင်း က အလွတ်တည်ကန်ဘောကို အာဆင်နယ်ဂိုးပေါက်နဲ့ ၃၂ ဒသမ ၃ ကိုက်အကွာကနေ တိုက်ရိုက်ကန်သွင်းပြီး ရယူပေးသွားခဲ့တာပါ။ လီဗာပူး သွင်းယူလိုက်တဲ့ဒီဂိုးဟာ လက်ရှိကစားခဲ့ပြီးတဲ့ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲမှာ အကွာအဝေးအမြင့်မားဆုံး အလွတ်တည်ကန်ဘောကန်ချက်သွင်းဂိုးအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။

ဒီပွဲအနိုင်ရလဒ်ကြောင့် လီဗာပူးဟာ ပရီးမီးယားလိဂ်ရာသီဖွင့်ပွဲစဉ် ၃ ပွဲလုံးကို အနိုင်ရအောင် စွမ်းဆောင်နိုင်တဲ့မှတ်တမ်းကောင်းတစ်ရပ်နဲ့အတူ အမှတ်ပေးဇယားရဲ့ထိပ်ဆုံးနေရာဆီ တက်လှမ်းရောက်ရှိသွားပြီလည်းဖြစ်ပါတယ်။