တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာတွင် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံ ၁၀ ဦးမှာ နှစ်ရက်ကြာသည်အထိ အဆက်အသွယ်မရသေးကြောင်း ဒေသခံများထံမှ သိရသည်။
ဇူလိုင်လ ၃၀ရက် ည ၇နာရီခန့်တွင် လယ်တောင်ယာရွာရှိ ဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင်၏ အမည်ကို ခေါ်ပြီး လာဖမ်းခြင်းဖြစ်ပြီး ယင်းသို့ဖမ်းဆီးချိန် နေအိမ်အတွင်း ဂိမ်းဆော့နေသည့် လူငယ် ခြောက်ဦးနှင့် အနီးဝန်းကျင်နေအိမ်ရှိ ပြည်သူ သုံးဦးကိုပါ ဖမ်းဆီးသွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ထို့ကြောင့် ဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင်တစ်ဦးအပါအဝင် စုစုပေါင်း ၁၀ ဦးအဖမ်းခံရပြီး ဩဂုတ်လ ၁ ရက် ညနေအထိ မိသားစုနှင့် အဆက်အသွယ် မရသေးကြောင်း ၎င်းက ဆိုသည်။
“မိသားစုနဲ့လည်း တွေ့ခွင့်မပေးဘူး။ အဆက်အသွယ်လည်း မရဘူး။ အောက်ကင်း (ရွာ) ၅၅၇ တပ်ကို ပို့လိုက်တာလောက်ပဲ သိရတယ်” ဟု အထက်ပါအမျိုးသမီးက ပြောဆိုသည်။
ဆိုင်ကယ်ပြင်ဆိုင် အနီးဝန်ကျင်ရှိ နေအိမ်ရှိ အမျိုးသားကိုလည်း အမည်အတိအကျဖြင့် လာဖမ်းသော်လည်း လေဖြတ် ဝေဒနာ ခံစားနေရသည့်အတွက် ၎င်း၏သားနှစ်ဦးကို ဖမ်းဆီးသွားကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
ထို့နောက် နောက်တစ်အိမ်သို့ထပ်သွား၍ အမျိုးသားတစ်ဦး၏ အမည်ဖြင့်လာဖမ်းသော်လည်း အဆိုပါအမျိုးသားမရှိသဖြင့် ၎င်း၏ ဖခင်ကို ဖမ်းဆီးသွားကြောင်း ဒေသခံအချို့က ပြောဆိုသည်။
“သူတို့ ဖမ်းသွားတဲ့အထဲမှာ ပဝ (ရွာ) ကနေ ဂိမ်းလာဆော့နေတဲ့ သားငယ် (ကလေးတွေ) လည်းပါတယ်။ အကုန်လုံးက ယောကျာ်းတွေချည်းပဲ လာဖမ်းသွားတယ်။ ဘာကြောင့် လာဖမ်းသွားတာတော့ အခုအထိ မသိရသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
လယ်တောင်ယာရွာတွင် နောက်ထပ် လူ ၃၀ ဦးကို ထပ်ဖမ်းမည်ဟု ရွာအတွင်း သတင်းထွက်နေသဖြင့် စိုးရိမ်ထိတ်လန့်နေကြကြောင်း ဒေသခံအချို့က ပြောဆိုကြသည်။