ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။
ဇူလိုင် ၂၆ မှ ဩဂုတ် ၁ ရက်အထိ
တိုင်ဖွန်းမုန်တိုင်း ရှန်ဟိုင်းမြို့ကို တိုက်ခတ်

တိုင်ဖွန်းမုန်တိုင်း ‘ကိုမေ’ ဟာ ဇူလိုင် ၃၀ ရက်မှာ တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ကို တိုက်ခတ်ခဲ့လို့ မိုးသည်းထန်ပြီး လေပြင်းတွေ တိုက်ခတ်ခဲ့ပါတယ်။
ဒါကြောင့် ရှန်ဟိုင်းမြို့မှာ အရေးပေါ် တုံ့ပြန်ရေးတပ်ဖွဲ့ဝင်တွေ အဆင်သင့်အနေအထား ရှိနေကြတာပါ။
တိုင်ဖွန်းမုန်တိုင်း ‘ကိုမေ’ဟာ မနက်ပိုင်းမှာ ကျဲ့ကျန်းပြည်နယ် ကုန်းတွင်းပိုင်းဆီ ဝင်ရောက်ခဲ့ပြီးတဲ့နောက် ညနေပိုင်းမှာ အပူပိုင်းမုန်တိုင်းအဆင့်နဲ့ ရှန်ဟိုင်းမြို့ တောင်ပိုင်း ကမ်းရိုးတန်းကနေ ကုန်းတွင်းပိုင်းကို ထပ်မံဝင်ရောက်ခဲ့ပါတယ်။
မုန်တိုင်းဗဟိုနားက အမြင့်ဆုံးလေတိုက်နှုန်းဟာ တနာရီ ၅၂ မိုင်နှုန်းအထိ ရှိခဲ့ပါတယ်။
မုန်တိုင်းကြောင့် ရှန်ဟိုင်းမြို့ ကမ်းနားပိုင်းက လူ သုံးသိန်းလောက်ကို ပြန်လည်နေရာချထားရေးစခန်း ၁,၉၀၀ ကျော်ဆီ ပြောင်းရွှေ့အခြေချပေးခဲ့ပါတယ်။
နောက်ထပ် လေကြောင်းခရီးစဉ် ၆၄၀ ကျော်ကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။
အရေးပေါ်အနေနဲ့ ရေလွှမ်းမိုးမှုထိန်းချုပ်ရေး အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ကို အစိုးရက တိုက်တွန်းထားပါတယ်။
Ref: RFI
……………………………………..
အိန္ဒိယက ရာသီဥတုစောင့်ကြည့်ရေး ဂြိုလ်တု လွှတ်တင်

အိန္ဒိယအစိုးရဟာ အမေရိကန်အမျိုးသားလေကြောင်းနဲ့ အာကာသ အေဂျင်စီ (NASA) နဲ့ ပူးပေါင်းတည်ဆောက်ထားတဲ့ ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝဘေးအန္တရာယ်တွေကို စောင့်ကြည့်ရေး ဂြိုလ်တုတစ်လုံးကို လွှတ်တင်ခဲ့ပါတယ်။
ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံတန်ဖိုးရှိတဲ့ ပထမဆုံး ရေဒါပုံရိပ်ဖော်ဂြိုဟ်တုကို ဇူလိုင် ၃၀ ရက်မှာ လွှတ်တင်ခဲ့တာပါ။
NISAR ဂြိုဟ်တုက အိန္ဒိယ အာကာသ သုတေသနအဖွဲ့နဲ့ နာဆာ တို့အကြား ပထမဆုံး ပူးပေါင်းဆောင်ရွက်တဲ့လုပ်ငန်း ဖြစ်ပါတယ်။
ဂြိုဟ်တုကို ကမ္ဘာမြေပြင်အထက် ၄၆၄ မိုင်အကွာ ဝင်ရိုးစွန်းအနားက ပတ်လမ်းထဲမှာ ချထားခဲ့ပြီး တစ်နေ့ ကမ္ဘာကို ၁၄ ကြိမ်အထိ ပတ်သွားမှာဖြစ်ပါတယ်။
ဂြိုလ်တုက ဟိမဝန္တာတောင်တန်းကနေ ရေခဲမြစ်တွေ လျော့ကျလာတာ၊ တောင်အမေရိကတိုက်က မြေပြိုဇုန်တွေအထိ အားလုံးကို စောင့်ကြည့်ဖို့ ဖြစ်ပါတယ်။
NISAR ဂြိုလ်တုဟာ အနည်းဆုံး ၅ နှစ် အလုပ်လုပ်ဖို့ မျှော်လင့်ထားပြီး စုဆောင်းထားတဲ့ဒေတာကို ကမ္ဘာတဝန်းက သုံးစွဲသူတွေက လွတ်လွတ်လပ်လပ် ရနိုင်မှာဖြစ်ပါတယ်။
Ref: CNN
……………………………………..
ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုဖို့ ၁၅ နိုင်ငံက တောင်းဆို

ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုဖို့ ဇူလိုင် ၂၉ ရက်က ကျင်းပတဲ့ ကုလသမဂ္ဂညီလာခံမှာ ပြင်သစ်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံက နယူးယောက်တောင်းဆိုချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
တောင်းဆိုခဲ့တဲ့ နိုင်ငံတွေကတော့ အန်ဒိုရာ၊ သြစတြေးလျ၊ ကနေဒါ၊ ဖင်လန်၊ ပြင်သစ်၊ အိုက်စလန်၊ အိုင်ယာလန်၊ လူဇင်ဘတ်၊ မော်လ်တာ၊ နယူးဇီလန်၊ နော်ဝေ၊ ပေါ်တူဂီ၊ ဆန်မာရီနို၊ စလိုဗေးနီးယားနဲ့ စပိန်နိုင်ငံတို့ဖြစ်ပါတယ်။
ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုဖို့ ဒါမှမဟုတ် အပြုသဘောဆောင်တဲ့ ထည့်သွင်းစဉ်းစားမှုကို နိုင်ငံ ၁၅ နိုင်ငံက ထုတ်ဖော်ပြောကြားခဲ့တာပါ။
ဒါ့အပြင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အတားအဆီးမရှိ ဝင်ရောက်နိုင်ရေးအတွက် ကြိုးပမ်းအားထုတ်ဖို့ကိုလည်း တိုက်တွန်းခဲ့ကြပါတယ်။
လာမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပါလက်စတိုင်းနိုင်ငံကို တရားဝင် အသိအမှတ်ပြုဖို့ ကနေဒါက လုပ်ဆောင်သွားမယ်လို့ အတည်ပြုထားပါတယ်။
ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံမှာ ၁၄၇ နိုင်ငံက ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုပြီး ဖြစ်ပါတယ်။
Ref: France 24
……………………………………..
ရုရှားတွင် ပြင်းအား ၈ ဒသမ ၈ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်

ရုရှားနိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းကျွန်းဆွယ်အနီးမှာ ပြင်းအား ၈ ဒသမ ၈ အဆင့်ရှိတဲ့ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ပါတယ်။
ဇူလိုင်လ ၃၀ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီ ၂၅ မိနစ်မှာ ရုရှားနိုင်ငံ အရှေ့ဘက် ကန်ချက်တာကျွန်းဆွယ်အနီး လှုပ်ခတ်ခဲ့တာပါ။
နောက်ထပ် ပြင်းအား ၆ ဒသမ ၉ အဆင့်ရှိ ငလျင်ငယ်တွေလည်း ဆက်တိုက်လှုပ်ခတ်ခဲ့ပါသေးတယ်။
ငလျင်ကြောင့် ကမ်းရိုးတန်းမြို့က အဆောက်အဦးတွေ ပြိုပျက်ခဲ့ပြီး လမ်းပေါ်က ကားတွေလည်း ယိမ်းထိုးလှုပ်ခတ်ခဲ့ကာ လျှပ်စစ်မီးလည်း ပြတ်တောက်သွားခဲ့ပါတယ်။
ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ကမ်းရိုးတန်းဒေသဖြစ်တဲ့ Severo-Kurilsk ဆိပ်ကမ်းမြို့ကို ဆူနာမီလှိုင်းကြီးတွေ သုံးကြိမ်ထက်မနည်း ရိုက်ခတ်ခဲ့ပါတယ်။
ငလျင်ကြောင့် ဆူနာမီလှိုင်းလုံးတွေ ရိုက်ခတ်လာနိုင်လို့ ရုရှား၊ ဂျပန်၊ အမေရိကန် ဟာဝိုင်အီပြည်နယ်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ အလက်စကားပြည်နယ်တွေအပါအဝင် ပြည်နယ်တချို့က ဒေသခံတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ဖို့ အသိပေးခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ သတိပေးချက်တွေကို ပြန်ရုတ်သိမ်းခဲ့ပါတယ်။
Ref: CNN
……………………………………..
ထိုင်း-ကမ္ဘောဒီးယား အပစ်ရပ် သဘောတူ

ဇူလိုင်လ ၂၈ ရက်နေ့က ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံ ချက်ချင်း ချွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး သဘောတူလိုက်ပါတယ်။
အာဆီယံဥက္ကဌဖြစ်တဲ့ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Anwar Ibrahim ဦးဆောင်ပြုလုပ်တဲ့ နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲမှာ ထိုင်းနဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်တွေက အချင်းချင်း သဘောတူလိုက်ကြတာပါ။
အပစ်ရပ်စဲရေး သဘောတူညီချက်က ဇူလိုင်လ ၂၈ ရက်နေ့ ညသန်းခေါင်အချိန်ကနေ အသက်ဝင်ခဲ့ပါတယ်။
ဆွေးနွေးပွဲမှာ တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုက ကိုယ်စာလှယ်တွေလည်း တက်ရောက်ခဲ့ကြပါသေးတယ်။
အပစ်ရပ်ထားတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားနှစ်နိုင်ငံကို အမေရိကန်သမ္မတ ထရမ့်က ကုန်သွယ်ခွန်ကို ၁၉ ရာခိုင်နှုန်းအထိ လျှော့ချသတ်မှတ်ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့က စတင်ခဲ့တဲ့ နှစ်နိုင်ငံ နယ်စပ်အနီး ပစ်ခတ်မှုတွေကြောင့် ထိုင်းဘက်က ပြည်သူ ၂၂ ဦး သေဆုံးခဲ့ပြီး ကမ္ဘောဒီးယားဘက်က ပြည်သူ ၁၃ ဦး သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံစလုံးက ပြည်သူ ၃ သိန်းခန့် စစ်ဘေးရှောင်နေရဆဲဖြစ်ပါတယ်။
Ref: The Guardian
……………………………………..
ကွန်ဂိုတွင် ဝမ်းရောဂါကြောင့် သေဆုံးသူ ၉၅၀ ကျော်အထိ ရှိလာ

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ ကာလဝမ်းရောဂါ ကူးစက်ပြန့်ပွားနေလို့ သေဆုံးသူ ၉၅၀ ကျော် ရှိခဲ့ပါတယ်။
အခုနှစ်အစပိုင်းက စပြီး ကူးစက်ခံရသူ ၃၈၀၀၀ ကျော်အထိ ရှိလာခဲ့တာပါ။
ကလေးငယ်ပေါင်း ၈၀၀၀၀ ကျော်အတွက် အန္တရာယ်ရှိနေတယ်လို့ ဆိုပါတယ်။
ရာသီဥတုတွေ ပိုပြင်းထန်လာတာ၊ သန့်ရှင်းရေး ညံ့ဖျင်းမှုနဲ့ နိုင်ငံအရှေ့ဘက်က နေရာရွှေ့ပြောင်းရေး အကျပ်အတည်းတွေကြောင့် ကူးစက်ခံရသူဦးရေ တိုးလာနေတာဖြစ်ပါတယ်။
ကာလဝမ်းရောဂါဟာ ဘက်တီးရီးယားတချို့နဲ့ ညစ်ညမ်းတဲ့ ရေသောက်ခြင်း၊ အစာစားခြင်းတို့ကနေ ကူးစက်တတ်ပါတယ်။
ကာလဝမ်းရောဂါကို လွန်ခဲ့တဲ့ ၇လခန့်ကစလို့ စောင့်ကြည့်ခဲ့ပြီး ယခု ရောဂါဖြစ်ပွားနေတာ ပြည်နယ် ၁၇ ခုအထိ ရှိတယ်လို့ ဆိုပါတယ်။
ကွန်ဂိုအာဏာပိုင်တွေက ကာလဝမ်းရောဂါနဲ့ တခြားရောဂါတွေ ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ WHO နဲ့ တခြားအကူအညီပေးရေး အေဂျင်စီတွေကို အကူအညီရယူနေရပါတယ်။
Ref: AA
……………………………………..
Superman ရုပ်ရှင်ကားက ၂၀၂၅ ခုနှစ်၏ ဝင်ငွေအကောင်းဆုံး ဟီးရိုးရုပ်ရှင်ဖြစ်လာ

Superman ရုပ်ရှင်ကားက ၂၀၂၅ ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံး စူပါဟီးရိုးရုပ်ရှင် ဖြစ်လာပါတယ်။
ဇူလိုင်လထဲ ထွက်ရှိလာတဲ့ Superman ဇာတ်ကားက အခုအချိန်အထိ ဝင်ငွေ ကန်ဒေါ်လာ သန်း ၅၁၀ ဒသမ ၈ သန်းရရှိထားတာပါ။
ဒီရုပ်ရှင်ကားက Captain America: Brave New World ၊ Thunderbolts ၊ The Fantastic Four: First Steps အပါအဝင် Marvel ရဲ့ ၂၀၂၅ ခုနှစ်ဇာတ်ကားတွေ အားလုံးထက်သာလွန်နေတယ်လို့ Box Office Mojo အရ သိရပါတယ်။
ဒီစံနှုန်းက DC Studios အတွက် အဓိကအောင်မြင်မှုဖြစ်ပြီး နောက်ထွက်ရှိလာမယ့် Supergirl ရုပ်ရှင်အတွက်ပါ အလားအလာကောင်းတွေ ဖြစ်လာစေခဲ့ပါတယ်။
Ref: TRIBUNE
……………………………………..