ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပလမြို့ကို စစ်​ကောင်စီ တစ်ရက်အတွင်း လေကြောင်းဖြင့် သုံးကြိမ် ဗုံးကြဲ

August 1, 2025

ပုလောမြို့နယ်၊ ပလမြို့တွင် စစ်ကောင်စီတပ်နှင့်တော်လှန်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းဖြင့် တစ်ရက်အတွင်း သုံးကြိမ် ဗုံးကြဲပြီး ဒရုန်းဖြင့်လည်း ဗုံးချတိုက်ခိုက်ရာ လူနေအိမ်နှစ်ဆောင်မီးလောင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့်ဒေသခံများထံမှ သိရသည်။

ယနေ့ (ဩဂုတ် ၁ရက်) နေ့လယ်မှစ၍ ညနေ ၄နာရီဝန်းကျင်အထိ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ပြီး ရဟတ်ယာဉ်ဖြင့်တစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“အခုလက်ရှိအထိတော့ သုံးကြိမ်ဖြစ်ပြီ၊ လေကြောင်းလာနေတာ။ (လူ) ထိခိုက်မှုတော့ မသိရသေးဘူး။ တိုက်ပွဲလည်းကြမ်းနေတော့ စုံစမ်းနေဆဲပါ။လူနေအိမ်နှစ်ဆောင်တော့ မီးလောင်နေတယ်လို့ သိရတယ်”ဟု အထက်ပါတပ်ဖွဲ့ဝင်က ​ပြောသည်။

ပထမအကြိမ် ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး၂လုံး၊ဒုတိယအကြိမ် ရဟတ်ယာဉ်ဖြင့် ဗုံး၁၅လုံး၊တတိယအကြိမ် တွင် ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး ၂လုံးလာကြဲသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် အချို့က ဆိုသည်။

ပလမြို့အတွင်းရှိ စစ်ကောင်စီတပ်က တွေ့သမျှလူကိုပစ်ခတ်နေပြီး လေကြောင်းကလည်း ဆက်တိုက်ဗုံးကြဲနေသည့် အတွက် မြိုခံများထွက်ပြေးနေရပြီး မီးဝင်မငြိမ်းရဲဘဲဖြစ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အခြေအနေက အရမ်းဆိုးနေတယ်။အနီအးနားကို ဘယ်သူမှ သွားမရဲကြဘူး။အိမ်မီးလောင်နေလည်း အခုချိန်မှာ ဘာမှတတ်မနိုင်တော့ဘူး။ အားလုံးက အသက်လုနေကြရတယ်”အထက်ပါဒေသခံက ဆိုသည်။

ပလမြို့နှင့်အနီးဝန်းကျင်တွင် ဇူလိုင်လ ၂၄ရက် မှ ဩဂုတ်လ ၁ရက်နေ့အထိ စစ်ကောင်စီတပ်နှင့်တော်လှန်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ရက်ဆက်လုပ်ဆောင်နေကြောင်း တော် လှန်ရေးတပ်ဖွဲ့ဝင်များနှင့် မြို့ခံများထံမှ သိရသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၆ဦးသေဆုံးပြီး ဘုန်းကြီး၂ပါး ပျံတော်မူကာ ၁၀ဦးထက်မနည်း ဒဏ်ရာရထားကြောင်း မြို့ခံများထံမှ သိရသည်။