BREAKING
October 20, 2025

စစ်ကောင်စီတပ်စွဲခဲ့သည့် နေအိမ်တွင် ပစ်သတ်ခံထားရသည့် ပလမြို့ခံအလောင်းတွေ့

August 1, 2025

ပုံစာ - ပလမြိုတွင်း တစ်နေရာ

ပလမြို့အတွင်း စစ်ကောင်စီတပ်စစ်ကြောင်း တည်းခိုစခန်းချခဲ့သည့်နေအိမ်အတွင်း လက်နောက်ပြန်ကြိုးတုပ်ထားပြီး သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် ပလမြို့ခံအလောင်းတစ်လောင်း တွေ့ရှိကြောင်း ဒေသခံများနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။

ဇူလိုင် ၃၁ရက် နံနက်က စစ်ကောင်စီတပ် တည်းခိုစခန်းချသွားသည့်နေရာများနှင့် အိမ်များကို တော်လှန်‌ရေးတပ်များက နယ်မြေရှင်းလင်းချိန် အသက်၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိကြောင်း တော်လှန်ရေး တပ်ဖွဲ့ ဝင်တစ်ဦးက ဆိုသည်။

“သူတို့တပ်(စက)က မြို့ထဲပတ်ပတ်လည် လျှောက်သွားနေတယ်။ နယ်မြေရှင်းရင်း အလောင်းတစ်လောင်းတွေ့တော့ ကောက်ပြီး သင်္ဂြိုဟ်ပေးလိုက်တယ်” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောဆိုသည်။

အသတ်ခံရသူမှာ ပလမြို့စျေးအနီးတွင် နေထိုင်သူဖြစ်ကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

မိသားစုဝင်များ စစ်ဘေးရှောင်ကြစဉ် နေအိမ်တွင် တစ်ဦးတည်း စောင့်ရှောက်ပြီး ကျန်ခဲ့သူဖြစ်ကြောင်း ၎င်းက ပြောသည်။

“သေသွားတဲ့သူက ဘယ်သူနဲ့မှ ဆက်စပ်မှုမရှိဘဲ အေးဆေးနေ (သူ) သမားပါ” ဟု အထက်ပါမြို့ခံက ပြောဆိုသည်။

ပလမြို့တွင် စစ်ကောင်စီတပ်နှင့်‌ တော်လှန်ရေးတပ်တို့ ဇူလိုင်လတတိယအပတ်ကစကာ ယနေ့ ဩဂုတ်လ ၁ရက်အထိ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး မြို့ခံအများစုက တိမ်းရှောင်ထွက်ပြေးနေကြကြောင်း ဒေသခံများ ထံမှသိရသည်။

ဇူလိုင်လ ၃၁ရက် ည‌နေကလည်း ပလမြို့အတွင်း တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်နက်ကြီးပစ်သံများ အဆက်မပြတ်ကြားနေရကြောင်း ဒေသခံအချို့က ပြောသည်။