BREAKING
October 20, 2025

ဟားမတ်အဖွဲ့ လက်နက်စွန့်ရန် အာရပ်နိုင်ငံများ ပထမဆုံးအကြိမ် တညီတညွတ်တည်း တောင်းဆို

August 1, 2025

ပုံစာ - စားနပ်ရိက္ခာတင်ဆောင်လာသည့် ထရပ်ကားများဆီ ဦးတည်သွားနေကြသည့် ပါလက်စတိုင်းပြည်သူများကို ယခုနှစ် ဇွန်လက တွေ့ရစဉ်။ ဓာတ်ပုံ - The New York Times

ဟားမတ်အဖွဲ့အနေဖြင့် လက်နက်စွန့်လွှတ်ရန်၊ ဖမ်းဆီးထားသည့် ဓားစာခံအားလုံးကို ပြန်လွှတ်ပေးရန်၊ ဂါဇာကမ်းမြောင်ဒေသတွင် ဟားမတ်စ်အဖွဲ့၏ အုပ်ချုပ်မှုကို အဆုံးသတ်ရန် အာရပ်နိုင်ငံများက ပထမဆုံးအကြိမ်အဖြစ် တညီတညွတ်တည်း တောင်းဆိုလိုက်သည်။

ယင်းသို့ လုပ်ဆောင်ခြင်းက ပါလက်စတိုင်းနိုင်ငံတစ်ခု ပေါ်ထွန်းလာရေးအတွက် အထောက်အကူပြုနိုင်သည်ဟု အာရပ်နိုင်ငံများက ဆိုသည်။

အဖွဲ့ဝင် ၂၂ နိုင်ငံ ပါဝင်သည့် အာရပ်အဖွဲ့ချုပ် (Arab League) က အင်္ဂါနေ့တွင် ထုတ်ပြန်လိုက်သည့် အဆိုပါ ကြေညာချက်တွင် အစ္စရေးအပေါ် ဟားမတ်စ်၏ အောက်တိုဘာ ၇ တိုက်ခိုက်မှုကိုလည်း ရှုတ်ချထားသည်။

“ဂါဇာမှာ စစ်ပွဲအဆုံးသတ်ရေးနဲ့ ဆက်စပ်ပြီး ဟားမတ်စ်အဖွဲ့က ဂါဇာမှာ သူတို့ရဲ့ အုပ်ချုပ်မှုကို အဆုံးသတ်ရမယ်။ ဟားမတ်စ်အဖွဲ့က သူတို့ရဲ့ လက်နက်တွေကို ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA) ဆီကို လွှဲပြောင်းပေးအပ်ရမယ်။ ပါလက်စတိုင်းနိုင်ငံတစ်ခု ထူထောင်ရေးရည်မှန်းချက်နဲ့ တစ်သားတည်းရှိတဲ့ နိုင်ငံတကာအားပေးထောက်ခံမှုနဲ့အတူ ဒီအချက်တွေကို ဟားမတ်စ်အဖွဲ့က အကောင်အထည်ဖော်ရမယ်” ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ ကြေညာချက်ကို ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံအားလုံးနှင့် အခြား ၁၇ နိုင်ငံကလည်း ထောက်ခံကြောင်း လက်မှတ်ရေးထိုးခဲ့သည်။

ကုလသမဂ္ဂ၏ နိုင်ငံတကာငြိမ်းချမ်းမှုထိန်းသိမ်းရေး ယာယီမစ်ရှင်အဖွဲ့ကို ပါလက်စတိုင်း အာဏာပိုင်အဖွဲ့၏ ဖိတ်ခေါ်ချက်အရ ဂါဇာသို့ စေလွှတ်သင့်ကြောင့်လည်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

အာရပ်နိုင်ငံခေါင်းဆောင်တော်တော်များများသည် ဟားမတ်စ်အဖွဲ့နှင့် အလုပ်သဘောဆက်ဆံရေးရှိကြပြီး အာရပ်နိုင်ငံသားများက ပါလက်စတိုင်းအရေးကို ထောက်ခံကြသည့်အတွက် အာရပ်နိုင်ငံခေါင်းဆောင်များအဖို့ ဟားမတ်စ်အဖွဲ့နှင့် လူသိရှင်ကြား လမ်းခွဲပြီး အစ္စရေးနှင့် ပုံမှန်ဆက်ဆံရေးထူထောင်ရန် တွန့်ဆုတ်ကြသည်ဟု The New York Times က ဖော်ပြသည်။

အမေရိကန်နှင့် အခြားအနောက်မဟာမိတ်နိုင်ငံများက ဖိအားပေးသော်လည်း ယင်းသို့ လုပ်ဆောင်ရန် အာရပ်နိုင်ငံခေါင်းဆောင် တော်တော်များများက တွန့်ဆုတ်ကြသည်။

အာရပ်နိုင်ငံခေါင်းဆောင် တော်တော်များများသည် ဟားမတ်စ်အဖွဲ့နှင့် အလုပ်သဘော ဆက်ဆံရေးရှိကြသည်။ အဆိုပါ အာရပ်နိုင်ငံများတွင် ပြည်သူများက ပါလက်စတိုင်းကို ထောက်ခံကြသည်။ ယင်းကြောင့် အဆိုပါ အာရပ်နိုင်ငံခေါင်းဆောင် တော်တော်များများသည် ဟားမတ်စ်အဖွဲ့နှင့် လမ်းခွဲကာ ၊ အစ္စရေးနှင့် ဆက်ဆံရေးပုံမှန် ပြန်ဖြစ်ရန် တွန့်ဆုတ်ကြသည်။

အာရပ်အဖွဲ့ချုပ်၏ အင်္ဂါနေ့ တောင်းဆိုချက်ကို ဟားမတ်စ်အဖွဲ့က လက်ခံသွားမည်လားဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

လက်နက်စွန့်ရန် ၊ ဂါဇာတွင်၎င်းတို့ အုပ်ချုပ်နေမှုကို အဆုံးသတ်ရန် လိုလားသည့် သဘောထားကို ဟားမတ်စ်အဖွဲ့က လက်ရှိအချိန်အထိ ထုတ်ဖော်ပြသခြင်း မရှိသေးပေ။

Source: The New York Times