လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စု၊ ဖွားဘုတ်ပြင်ရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။
စစ်ကောင်စီတပ် စစ်ကြောင်းသည် မြို့ဟောင်းကျေးရွာအုပ်စု ဆင်ပုနစ်ဘက်မှ ဖွားဘုတ်ပြင်ရွာသို့ ယနေ့ ဇူလိုင်လ ၁ရက် နံနက်ပိုင်းတွင် စစ်ကြောင်းထိုးလာခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။
ယင်းနောက် အဆိုပါ စစ်ကြောင်းသည် ဖွားဘုတ်ပြင်ဘုန်းကြီးကျောင်းတွင် တပ်စွဲလိုက်ကြောင်း ၎င်းတို့က ဆိုသည်။
ဒေသခံများမှာ စစ်ကြောင်းဝင်လာသည့် နံနက်ပိုင်းကတည်းက တိမ်းရှောင်ထွက်ပြေးနေကြရကြောင်း ဒေသခံအချို့ထံမှ သိရသည်။
ယင်းနောက် မွန်းလွဲ ၂ နာရီခန့်တွင် နှစ်ဖက်ပစ်ခတ်သံများ ထွက်ပေါ်လာခဲ့ပြီး ညနေ ၆ နာရီအထိ မေးမြန်းချက်အရ ပစ်ခတ်နေကြဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။
“ဒီနေ့ နေ့လယ်ပိုင်းကတည်းက ပစ်နေတာ ယခုအထိ ပစ်သံတွေကြားနေရတုန်း” ဟု ၎င်းက ပြောသည်။
အနီးအနားရှိ စခန်းကြီးကျေးရွာအုပ်စုနှင့် မြို့ဟောင်းကျေးရွာအုပ်စုထဲရှိ ကျေးရွာများ၊ တောင်မင်းပြောင်ကျေးရွာဒေသခံများ စုစုပေါင်း ကျေးရွာ ၁၀ရွာက ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဇွန်လ လလယ်ပိုင်းကလည်း စခန်းကြီးကျေးရွာ၊ မြို့ဟောင်းကျေးရွာများဘက်သို့ စစ်ကြောင်းထိုးလာသဖြင့် အနီးအနားရှိ ဒေသခံများထွက်ပြေးတိမ်းရှောင်ခဲ့ကြရသေးသည်။
နောက်ပိုင်းစစ်ကြောင်းပြန်ထွက်သွားသဖြင့် ပြန်လာနေထိုင်ကြသည်မှာ ၁၅ ရက်ခန့်သာရှိသေးပြီး ယခုထပ်မံ ထွက်ပြေးနေကြရပြန်သည်။
ဇွန်လလယ်က စစ်ကောင်စီတပ် စစ်ကြောင်းသည် ကညုံကျွန်းရွာတွင် ၁၀ ရက်ကြာ တပ်စွဲနေထိုင်ခဲ့ပြီး အဆိုပါစစ်ကြောင်းက စစ်ကောင်စီတပ်သားတစ်ဦးသည် ကညုံကျွန်းရွာသူ အသက် ၇၀ ကျော်အရွယ်အဘွားတစ်ဦးကို မုဒိမ်းကျင့်ခဲ့သဖြင့် သက်ကြီးအဖွားများပါ ရွာထဲမနေထိုင်ရဲကြဘဲ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံတစ်ဦးက ပြောသည်။