စစ်ကောင်စီ၏ ပိတ်ဆို့ကန့်သတ်မှုများကြောင့် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် အိမ်သုံးဆေးဝါးဈေးတက်ပြီး ဝယ်ယူရခက်ခဲနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။
မြိတ်မြို့မှ တနင်္သာမြို့နယ်ဘက်သွားသည့် လမ်းပိုင်းရှိ ကြေးနန်းတိုင်တံတား စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ဆေးဝါး၊ရိက္ခာသယ်သူခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ကန့်သတ်ထားသည်။
ယခုနှစ် မတ်လ ၁၇ ရက်နေ့ကစပြီး ကြေးနန်းတိုင်တံတားစစ်ဆေးရေးဂိတ်တွင် ဆေးဝါးသယ်ဆောင်ခွင့် တင်းကျပ်ပြီး စစ်ဆေးဖမ်းဆီးမှုများရှိလာပြီးနောက် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအများစုတွင် အိမ်သုံးဆေးဝါး နှစ်ဆဝန်းကျင်စျေးတက်လာကြောင်း ကမ်းတိုရွာနေ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးက ဆိုသည်။
“ကိုယ်ဝန်ဆောင် အားတိုးဆေးလည်း လုံးဝဝယ်လို့မရဘူး။ ကျွန်မအခု ဗိုက်(ကိုယ်ဝန်) ၆လမှာ တစ်ကဒ်ပဲ သောက်ရသေးတယ်။စျေးကြီးပေးပြီး ရှာဝယ်တောင်မရှိဘူး”ဟု ၎င်းက ပြောသည်။
ထို့အပြင် ပါရာစီတမော အလုံးတစ်ရာပါ တစ်ဘူးလျှင် ၄၅၀၀ ကျပ်မှ ကျပ် ၈၀၀၀ အထိလည်းကောင်း၊ ဗီတာမင်စီ အလုံးတစ်ရာပါ တစ်ဘူးလျှင် ၄၀၀၀ ကျပ်မှ ၇၅၀၀ ကျပ်အထိလည်းကောင်း ဈေးတက်သွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။
ယင်းအပြင် သွေးတိုးရောဂါနှင့်ဆီးချိုရောဂါကဲ့သို့ နာတာရှည်ရောဂါသည်များလည်း ဆေးဝယ်မရသည့် အခက်အခဲဖြင့်ရင်ဆိုင်နေရကြောင်း ဒေသခံများက ဆိုသည်။
စစ်ကောင်စီက မကန့်သတ်မီက ရေရှည်စွဲသောက်ရသည့် အထက်ပါ ဆေးဝါးများကို တစ်လစာကြိုဝယ်ထား နိုင်သော်လည်း လက်ရှိတွင် ဆေးတစ်ကဒ်သာ ဝယ်နိုင်တော့ကြောင်း တကူရွာနေ ဒေသခံတစ်ဦးက ပြောသည်။
သွေးတိုးကျဆေးတစ်ကဒ်ကို မြိတ်မြို့တွင် ၇၀၀ ကျပ်ဈေးပေါက်နေသော်လည်း တကူကျေးရွာတွင် ၃၀၀၀ ကျပ်ဖြင့် ဝယ်နေရသည်။
“ဆေး စျေးကလည်း ခုန်တက်ပြီးတော့ တအားလိုက်ရှာ ဝယ်ရတယ်။တစ်ခါတစ်လေကျရင် လုံးဝဝယ်လို့မရဘူး။ စျေးကြီးလည်း မသောက်ပဲနဲ့ မရဘူး”ဟု တကူရွာနေ အထက်ပါဒေသခံက ပြောသည်။
တနင်္သာရီမြို့နယ်အတွင်းရှိ တကူကျေးရွာအုပ်စု၊ဘန်းလမွတ်ကျေးရွာအုပ်စု၊ဘန်လောကျေးရွာအုပ်စုနှင့်အခြားကျေးရွာအုပ်စု ၁၀ ကျော်ကို စစ်ကောင်စီက ဆေးဝါးသယ်ယူခွင့် တင်းတင်းကျပ်ကျပ် ကန့်သတ်ထားသည်။
မေလ ၁၄ ရက်နေ့ကလည်း ကြေးနန်းတိုင်တံတားစစ်ဆေးရေးဂိတ်တွင် အိမ်သုံးဆေးဝါး အနည်းငယ်တင်လာသည့် ကားတစ်စီးကိုစစ်ဆေးပြီး လူလေးဦးကိုဖမ်းဆီးခဲ့သည်။
အဆိုပါစစ်ဆေးရေးဂိတ်တွင် အိမ်သုံးဆေးဝါးတင်လာသည့် ကားသမားများကို ဖမ်းဆီးနေရာ ယခုအချိန်အထိ ကားသမား ၂၀ ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း ဒေသခံများထံမှ သိရသည်။