အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ(USAID)၏ အကူအညီများကို ထရမ့်အစိုးရက ဖျက်သိမ်းလိုက်မှုကြောင့် ၂၀၃၀ ခုနှစ်မကုန်ခင် ကမ္ဘာ့အထိခိုက်အလွယ်ဆုံး လူဦးရေ ၁၄ သန်းကျော် သေဆုံးနိုင်ကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။
သေဆုံးသူများအနက် သုံးပုံတစ်ပုံမှာ ကလေးသူငယ်များ ဖြစ်နိုင်ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါ တွေ့ရှိချက်ကို ဂုဏ်သိက္ခာကြီးမားသည့် Lancet ဂျာနယ်၌ ယနေ့ ဇွန်လ ၁ ရက်နေ့တွင် ဖော်ပြထားခြင်း ဖြစ်သည်။
ယခုနှစ် ဇန်နဝါရီလတွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့် တက်မလာမီအချိန်အထိ အမေရိကန်အစိုးရ၏ နိုင်ငံတကာဖွံ့ဖြိုးရေးအကူအညီအေဂျင်စီ(USAID) သည် ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာမှုအကူအညီများ၏ ၄၀ ရာခိုင်နှုန်းကျော်ကို ရန်ပုံငွေထောက်ပံ့ပေးနေခဲ့သည်။
ထရမ့် သမ္မတဖြစ်လာပြီးနောက် နှစ်ပတ်အကြာတွင် ၎င်း၏ အနီးကပ်အကြံပေးဖြစ်သူ ဘီလျံနာသူဌေးအီလွန်မတ်က USAID ကို ဖျက်သိမ်းနိုင်ခဲ့ပြီဟု ဂုဏ်ယူစွာ ပြောဆိုခဲ့သည်။
အဆိုပါ USAID အကူအညီဖြတ်တောက်မှုကြောင့် ဆင်းရဲသည့်နိုင်ငံများမှ အထိခိုက်လွယ်သည့် လူများအတွက် ကျန်းမာရေးအကူအညီပေးရေးကဏ္ဍတွင် အနှစ်နှစ်ဆယ်စာ တိုးတက်မှုများ ရပ်တန့်သွားနိုင်သည် သို့မဟုတ် နောက်ကြောင်းပြန်သွားနိုင်သည်ဟု Barcelona Institute for Global Health(ISGlobal) မှ သုတေသီ Davide Rasella က ပြောသည်။
“ဝင်ငွေ့နိမ့်နဲ့ ဝင်ငွေအလယ်အလတ်တန်းစား နိုင်ငံတော်တော်များအတွက် ဒီကိစ္စရဲ့ ရိုက်ခတ်မှုက ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတစ်ခု သို့မဟုတ် အကြီးစားလက်နက်ကိုင်စစ်ပွဲတစ်ခု ဖြစ်ပွားတာနဲ့တောင် နှိုင်းယှဉ်လို့ရတယ်” ဟု ၎င်းက ပြောသည်။
နိုင်ငံပေါင်း ၁၃၃ နိုင်ငံမှ အချက်အလက်များကို အခြေခံကာ သုတေသီများ၏ တွက်ချက်မှုအရ
USAID အကူအညီကြောင့် ၂၀၀၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း လူသန်းပေါင်း ၉၁ သန်း၏ သေဆုံးမှုကို ဟန့်တားရှောင်လွှဲနိုင်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။
USAID အကူအညီရပ်ဆိုင်းမှုကြောင့်ကြိုတင်ရှောင်လွှဲနိုင်သော်လည်း သေဆုံးရသည့် လူသေဆုံးမှုအရေအတွက်သည် ၂၀၃၀ ခုနှစ် မကုန်ဆုံးမီတွင် ၁၄ သန်းကျော်အထိ ရှိလာနိုင်သည်ဟု ယင်းသုတေသနအစီရင်ခံစာတွင် ဖော်ပြထားသည်။
ယင်းတို့အနက် အသက် ၅ နှစ်အောက် ကလေးသူငယ် ၄ ဒသမ ၅ သန်းကျော် ပါဝင်ပြီး တစ်နှစ်လျှင် ကလေးသူငယ် ၇၀၀,၀၀၀ သိန်းဝန်းကျင် သေဆုံးနိုင်သည်ဟု အဓိပ္ပါယ်သက်ရောက်သည်။
Source: France 24