BREAKING
October 20, 2025

ဆီရီးယားအပေါ် အမေရိကန်အရေးယူပိတ်ဆို့မှု ဖယ်ရှား

July 1, 2025

ပုံစာ - ဆီးရီးယားသမ္မတသစ် အာမက်ရှာရာနှင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့ မေလ ၁၄ ရက်နေ့က ဆော်ဒီအာရေဗျနိုင်ငံ ရိယာ့ဒ်မြို့တွင် တွေ့ဆုံခဲ့ကြစဉ်။ ဓာတ်ပုံ - Reuters

ဆီးရီးယားနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားရန် သမ္မတအမိန့်အာဏာကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဇွန်လ ၃၀ ရက်နေ့တွင် လက်မှတ်ရေးထိုးလိုက်သည်။

ဘာရှာအာဆတ် ပြုတ်ကျပြီးနောက် ဆီးရီးယားနိုင်ငံ၏ ရုန်းကန်နေရသည့် စီးပွားရေးကို အထောက်အကူပြုရန်နှင့် ဆီးရီးယားအစိုးရသစ်ကို ကူညီပေးရန် ရည်ရွယ်ကာ ယင်းသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ဆီးရီးယားအပေါ် ချမှတ်ထားသည့် အကြီးစားအရေးယူပိတ်ဆို့မှုများကို ဖယ်ရှားမည့် ထရမ့်၏ အဆိုပါ သမ္မတအမိန့်အာဏာသည် ယနေ့ ဇူလိုင်လ ၁ ရက်နေ့မှ စတင်အသက်ဝင်မည် ဖြစ်သည်။

သို့သော် ဆီးရီးယားသမ္မတဟောင်း ဘာရှာအာဆတ်နှင့် ၎င်း၏ မဟာမိတ်များ၊ လူ့အခွင့်အရေးချိုးဖောက်သူများ၊ မူးယစ်ဆေးမှောင်ခိုကုန်ကူးသူများ၊ ဓာတုလက်နက်နှင့် ပတ်သက်ဆက်နွယ်သူများ၊ ISIS အဖွဲ့ အပြင် ယင်းအဖွဲ့နှင့် ဆက်နွယ်သူများ၊ အီရန်က ထောက်ပံ့ပေးထားသည့် လက်ဝေခံလက်နက်ကိုင်အဖွဲ့များကိုမူ အရေးယူပိတ်ဆို့မှု ဆက်လက်ထားရှိမည် ဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားသည်။

ထရမ့်၏ ဆုံးဖြတ်ချက်သည် ဆီးရီးယားနိုင်ငံအား နိုင်ငံတကာအသိုက်အဝန်းနှင့် ချိတ်ဆက်ရန် အထောက်အကူဖြစ်သည်ဟု ယင်းဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး Asaad al-Shaibani က ပြောကြားခဲ့သည်။

“စီးပွားရေးနာလန်ထူနိုင်ဖို့အတွက် ဒီကြီးမားတဲ့ အပိတ်အဆို့အဟန့်အတားကြီးကို ဖယ်ရှားပေးတာက စောင့်မျှော်နေရတာ ကြာပြီဖြစ်တဲ့ ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အရေးကြီးအခြေခံအဆောက်အအုံတွေ ပြန်လည်တည်ဆောက်ရေးအတွက် တံခါးပွင့်သွားစေပါပြီ”ဟု ၎င်းက လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည်။

ထရမ့်၏ ဆုံးဖြတ်ချက်သည် ဆီးရီးယားနိုင်ငံ၏ တည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေးဆီ သွားသည့် လမ်းကြောင်းကို အားပေးမြှင့်တင်ကူညီပေးရန် အမေရိကန်အစိုးရ၏ ကြိုးပမ်းမှုထဲမှ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် Karoline Leavitt က ဆိုသည်။

“တည်ငြိမ်မှုရှိပြီး စည်းလုံးညီညွတ်တဲ့၊ ပြည်တွင်းမှာရော ငြိမ်းချမ်းပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ပါ ငြိမ်းချမ်းသင့်မြတ်တဲ့ ဆီးရီးယားနိုင်ငံသစ်တစ်ခုကို ထောက်ခံအားပေးဖို့ သူက သံန္နိဌာန်ချထားပါတယ်” ဟု သူမက ဆိုသည်။

ဆီးရီးယားနိုင်ငံအား အကြမ်းဖက်မှုကို ထောက်ခံအားပေးသည့် နိုင်ငံအဖြစ် သတ်မှတ်ထားမှုကို ပြန်ပြောင်းသုံးသပ်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုအား ထရမ့်၏ အဆိုပါ သမ္မတအမိန့်အာဏာက ညွှန်ကြားထားသည်။

Source: The Japan Times