ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်ရှိ အထက်တန်းကျောင်း၌ ကျောင်းသားအချင်းချင်းရိုက်နှက်သည့်အမှုတွင် အရိုက်ခံရသည့် ကျောင်းသား၏ မိဘအုပ်ထိန်းသူများက ကျေအေးပေးလိုက်ကြောင်း မိသားစုနှင့် နီးစပ်သူအချို့ထံမှ သိရသည်။
ဇွန်လ ၅ ရက်က G – 9 ကျောင်းသားတစ်ဦးကို ၎င်း၏အတန်းဖော်တစ်ဦးက ဦးခေါင်းကို ပေါက်တူးရိုး (သစ်သားတုတ်) ဖြင့် အနောက်မှ ဝင်ရိုက်နှက်ခဲ့သဖြင့် ဒဏ်ရာရကြောင်း ရိုက်ခံရသည့် ကျောင်းသား၏မိသားစုနှင့် နီးစပ်သူများက ပြောဆိုထားသည်။
အရိုက်ခံရသည့် ကျောင်းသား၏ ဒဏ်ရာမှာ ပြင်ထန်းသဖြင့် ကော့သောင်းဆေးရုံ (၄ မိုင်ဆေးရုံ) မှတစ်ဆင့် ထိုင်းနိုင်ငံ ရနောင်းဆေးရုံကြီးသို့ သွားရောက်ဆေးကုသမှုခံယူခဲ့ပြီး ဇွန်လ ၈ ရက်တွင် ဆေးရုံဆင်းခွင့်ရကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
လက်ရှိတွင် ဒဏ်ရာသက်သာသွားသဖြင့် အမှုကို ပြီးခဲ့သည့်အပတ်က ကျေအေးလိုက်ကြောင်း ၎င်းက ပြောဆိုသည်။
“ကလေးကျန်းမာရေးပြန်ကောင်းလာပြီရှင့်။ တစ်ဖက် ကလေးကိုတော့ လူကြီးမိဘတွေ ညှိနှိုင်းပြီး အမှုကျေအေးပေး လိုက်ပါပြီ” ဟု အထက်ပါ နီးစပ်သူက ပြောသည်။
ရိုက်နှက်သည့် ကျောင်းသားကို ကျောင်းတစ်နှစ်ရပ်နားခိုင်းထားကြောင်း အမှတ် ၃ အေးရိပ်ငြိမ်အထက်ကျောင်း ပညာရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။
“ရိုက်တဲ့ကျောင်းသားကိုတော့ ကျောင်းတစ်နှစ်ရပ်နားခိုင်းလိုက်တယ်။ နောက်နောင် အဲဒီလိုထပ်ကိစ္စထပ်ရှိလာခဲ့ရင်လည်း ဒီထက်ပိုပြီးထိရောက်စွာ အရေးယူစေချင်တယ်” ဟု အထက်ပါနီးစပ်သူက ပြောသည်။
ဇွန်လ ၂၆ ရက်တွင် ရိုက်နှက်ခံရသည့်ကျောင်းသားကို ပညာရေးဌာနက ငွေကျပ် ၁၀ သိန်းထောက်ပံ့ပေးခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူအချို့ထံမှ သိရသည်။






