ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အမျိုးသမီးတစ်ဦး မုဒိမ်းမှုကျူးလွန်ခဲ့ရသည့် မှတ်တမ်းဗီဒီယို အွန်လိုင်းပေါ်တွင် ပျံ့နှံသွားခဲ့ပြီးနောက် နိုင်ငံအနှံ့တွင် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။
အဆိုပါ မုဒိမ်းမှုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအလယ်ပိုင်း ကုမိလာခရိုင်တွင် ပြီးခဲ့သည့်အပတ် ကြာသပတေးနေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ကျူးလွန်ခံရသည့်အမျိုးသမီးက သူမဖခင်၏ နေအိမ်သို့ သွားရောက်စဉ် အိမ်နီးနားချင်းတစ်ဦးက အိမ်တွင်းသို့ ဖောက်ထွင်းဝင်ရောက်ကာ မုဒိမ်းကျင့်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
မုဒိမ်းမှုဖြစ်စဉ်ကို ရုပ်သံရိုက်ကူးကာ အွန်လိုင်းတင်ခဲ့ပြီး ယင်းရုပ်သံတွင် အခင်းဖြစ်ပွားချိန်၌ အဆိုပါ အိမ်ထဲတွင် လူအချို့ ရှိနေခဲ့ကြောင်း တွေ့ရသည်။
လက်ရှိတွင် မုဒိမ်းမှုကျူးလွန်သူ သံသယတရားခံနှင့်အတူ ရုပ်သံရိုက်ကူးရာတွင် ပါဝင်သူစုစုပေါင်း ၅ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။
အဆိုပါ အမှုကို အင်မတန် အလေးအနက်ထားကာ စုံစမ်းစစ်ဆေးသွားမည်ဟု အာဏာပိုင်များက ဆိုသည်။
အဆိုပါ ဗီဒီယိုဖိုင်ပျံ့နှံ့လာခဲ့ပြီးနောက် ပြီးခဲ့သည့်သီတင်းပတ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအနှံ့တွင် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။
အဆိုပါအမှုတွင် ပါဝင်ပတ်သက်သူများအား ပြင်းပြင်းထန်ထန် အရေးယူအပြစ်ပေးရန် လူ့အခွင့်အရေးအဖွဲ့အချို့ကလည်း တောင်းဆိုထားသည်။
“အမျိုးသမီးတစ်ယောက်က ကိုယ့်အိမ်မှာတောင် မလုံခြုံဘူးဆိုရင် ဒါက အစိုးရရဲ့ ကြီးမားတဲ့ ပျက်ကွက်မှုဖြစ်သလို နိုင်ငံသားတွေရဲ့ လုံခြုံရေးကျိုးပေါက်မှုတစ်ခုလည်း ဖြစ်တယ်” ဟု လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခု၏ ဥပဒေအကြံပေးဖြစ်သူတစ်ဦးက တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။
ကျူးလွန်ခံရသည့် အဆိုပါ အမျိုးသမီးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူနည်းစုဟိန္ဒူဘာသာဝင် တစ်ဦးဖြစ်သည်။
သံသယတရားခံသည် အိမ်တွင်းသို့ ဖောက်ထွင်းဝင်ရောက်ကာ သူမအား နှိပ်စက်ခဲ့သည်ဟု ကျူးလွန်ခံရသူ အမျိုးသမီးက ဘင်္ဂလားဒေ့ရှ်ပြည်တွင်းမီဒီယာအချို့ကို ဖြေကြားထားသည်။
အဓိက သံသယတရားခံမှာ အသက် ၃၆ နှစ်အရွယ်ရှိ Fazor Ali အမည်ရှိ အမျိုးသားဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
အခင်းဖြစ်ပွားသည့်ညတွင် ရပ်ကွက်နေပြည်သူများ၏ ဝိုင်းဝန်းရိုက်နှက်ခံရမှုကြောင့် အဓိကသံသယတရားခံအား ဆေးရုံတင်ထားရသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
အဆိုပါ အမှုနှင့် ပတ်သက်၍ နောက်ထပ်လူ ၄ ဦးကိုလည်း မုဒိမ်းမှုဖြစ်စဉ် ဗီဒီယိုရိုက်ကူးကာ ဖြန့်ဖြူးမှုဖြင့် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
အဆိုပါ ဗီဒီယိုရိုက်ကူးကာ ဖြန့်ဝေသူများသည် ကျူးလွန်ခံရသည့် အမျိုးသမီးအပေါ် နောက်ထပ်တိုက်ခိုက်လိုက်ခြင်းပင် ဖြစ်သည်ဟု ဒါကာမြို့အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုက ဆန့်ကျင်ရှုတ်ချခဲ့သည်။
Source: BBC







