ထားဝယ်မြို့နယ် ၊ ရှင်မုတ္ထီးကျေးရွာအုပ်စု ၊ စော်ဝရွာ သစ်ဆိမ့်ပင်ကျောင်း ပဓာန နာယက ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသ သည် ယနေ့ ဇွန်လ ၁ ရက် ညနေပိုင်း တွင် လက်နက်ကြီး ကျည်စထိမှန်၍ ပျံလွန်တော်မူသွားကြောင်း တပည့်သံဃာနှင့်တကာများထံမှသိရသည် ။
ယနေ့ ဇွန်လ ၁ ရက်နေ့ မွန်းလွဲ တစ်နာရီခန့်ကစ၍ ရှင်မုတ္ထီးရွာအနီး ရွှေဂူတံတားရှိ စစ်ဆေးရေးဂိတ်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်နေပြီး လက်နက်ကြီး ပစ်ခတ်သံများလည်း ယနေ့ ညနေပိုင်းအထိ ဆက်တိုက်ကြားနေရကြောင်း ဒေသခံများကပြောသည် ။
သစ်ဆိမ့်ပင်ကျောင်းဝင်းအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲကာ ဆရာတော်ကျည်စထိမှန်၍ ပျံလွန်တော်မူခြင်းဖြစ်ကြောင်း ဆရာတော် ၏ တပည့်ရဟန်းတစ်ပါးကမိန့်သည် ။
” ဆရာတော်က ဦးခေါင်းမှာ လက်နက်ကြီးအစစင်ပြီး တစ်ခါတည်းပဲ ပျံတော်မူတာပါ ။ ညနေ ၃နာရီခွဲလောက်မှာ ကျောင်းတိုက်အထဲမှာပဲထိတာပါ ။ ဆေးရုံတော့မယူသွားတော့ဘူး ။ ခုနကအထိ ပစ်ခတ်သံတွေကြားနေရသေးတယ် “ ဟု အထက်ပါ တပည့်ရဟန်းက ယနေ့ညပိုင်းတွင် မိန့်သည်။
ရွှေဂူတောင်တိုက်ပွဲအတွင်း ရွှေဂူတောင်ခြေတွင်နေထိုင်သည့် အသက် ၃၀ ဝန်းကျင် အရွယ်အမျိုးသားတစ်ဦးလည်း လက်နက်ကြီး ကျည်စထိမှန်သေဆုံးခဲ့သေးသည်ဟု ဒေသခံများကဆိုသည် ။
သစ်ဆိမ့်ပင်ကျောင်း ဆရာတော်သည် ပျံလွန်တော်မူချိန်တွင် သက်တော် ၆၆ နှစ် ၊ သိက္ခာတော် ၄၆ ဝါ ရှိပြီဖြစ်ပြီး စျာပနအစီအစဥ်အား မည်သို့ဆောင်ရွက်မည်ကို မဆုံးဖြတ်ရသေးကြောင်း တပည့်သံဃာများ နှင့် တကာများထံမှသိရသည် ။