BREAKING
June 3, 2025

ရေဖြူတွင် မိုင်းနင်းပြီး အမျိုးသားတစ်ဦးသေဆုံး

June 1, 2025

ရေဖြူမြို့နယ် သစ်တိုထောင့်ကျေးရွာအနီး၌ ‌မေလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတွင် မိုင်းနင်းမိ၍ သက်ကြီးပိုင်း အမျိုးသာတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။

မိုင်းနင်းမိ၍ သေဆုံးသူမှာ သစ်တိုထောင့်ရွာသား အသက် ၆၀ အရွယ်ခန့်ရှိသည့် ဦးကြည်လှ ဆိုသူဖြစ်သည်။

၎င်းမှာ မေလ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် သစ်တို့ထောင့်ရွာအနီး၌ရှိသော ၎င်း၏ရာဘာခြံမှ အခြား ဥယျာဉ်ခြံတစ်ခုသို့ သွားချိန် လမ်းတစ်နေရာ၌ မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မိုင်းက ကြိုးမိုင်းပေါ့နော်၊ ကြိုးကို သွားတိုက်မိချိန်မှာ ပေါက်သွားတာ။ ခြေသလုံးတစ်ဖက် စုတ်ပြတ်သွားပြီး ရင်ဘတ်ကိုထိသွားတယ်။ အဲဒီဒဏ်ရာနဲ့ပဲကွယ်လွန်သွားတာ’ဟု ၎င်းဒေသခံကပြောသည်။

မိုင်းနင်းမိသော နေရာအနီးတစ်ဝိုက်တွင် ဗထူးတပ်နှင့် ပူးပေါင်းတပ်ဖွဲ့များ ယခင်ကလှုပ်ရှားနေထိုင်ခဲ့ဖူးကြောင်း Dawei Watch မှ စုံစမ်းသိရှိရသည်။

ယင်းနေရာအနီးဝန်းကျင်တွင် စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရန် ထောင်ခဲ့သည့် မိုင်းရှိ သည့်အကြောင်းကိုလည်း အနီးအနားရှိ ဥယျာဉ်ခြံသို့ သွားလာသူများကို ယင်းတော်လှန်ရေးတပ်ဖွဲ့တို့မှ သတိပေးတားမြစ်ခဲ့ဖူးကြောင်း Dawei Watch မှစုံစမ်းသိရှိရသည်။

တနင်္သာရီတိုင်းရှိ စစ်ရေးဒေသများတွင် စစ်ကောင်စီတပ်က ထောင်ထားသည့် မိုင်းများရှိသလို တော်လှန်ရေးအဖွဲ့များက ထောင်ထားသည့် မိုင်းများလည်းရှိနေသည်။

သို့သော် ယခုမိုင်းပေါက်ကွဲမှုမှာ မည်သည်အဖွဲ့ကထောင်ထားသည့် မိုင်းဖြစ်ကြောင်းကိုမူ Dawei Watch အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ယင်းနေရာဝန်းကျင်တွင် လှုပ်ရှားခဲ့သည့် ဗထူးတပ်‌မတော်ကို မေးမြန်းနိုင်ရန် ယင်းတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ရှိသူထံ Dawei Watch မှ ဖုန်းဖြင့်ဆက်သွယ်သော်လည်း ဆက်သွယ်မရသေးပေ။

ဦးကြည်လှ၏ ရုပ်အလောင်းကို ယနေ့ မွန်းလွဲပိုင်းတွင် သင်္ဂြိုဟ်လိုက်ပြီး သေဆုံးချိန်တွင် ဇနီးနှင့်သားသမီးများ ကျန်ရစ်ခဲ့သည်။

ရေဖြူတွင် မေလ တတိယပတ်ကစပြီး အင်အား ၁၅၀ ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် ထားဝယ်အထူးစီးပွားရေးဇုန် ဒေသသို့ စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့်လည်း နှစ်ဘက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။