ထားဝယ်- သရက်ချောင်းသွားလမ်း( အမှတ် ၈ ပြည်ထောင်စုလမ်း)ရှိ စစ်ကောင်စီတပ်၏ ရွေဂူတံတားစစ်ဆေးရေးဂိတ်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှသိရသည်။
ယနေ့ ဇွန်လ ၁ ရက် မွန့်လွဲ ၁ နာရီခန့်မှစပြီး တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ထားဝယ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်က တာဝေးပစ်လက်နက်ကြီးဖြင့် ပစ်ကူပေးနေကြောင်းဒေသခံအချို့ကပြောသည်။
ယနေ့ ညနေ သုံးနာရီအချိန်မေးမြန်းချက်အရ တိုက်ပွဲဖြစ်ပွားနေသည့် ရွှေဂူတံတောင်ခြေရင်းတွင် နေထိုင်သည့်အိမ်မှ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး လက်နက်ကြီးထိမှန်သဖြင့် သေဆုံးသွားကြောင်း ဆွေမျိုးတော်စပ်သူတစ်ဦးကပြောသည်။
“အလောင်းကို သွားကောက်လို့မရသေးဘူး” ၎င်းကဆိုသည်။
တော်လှန်ရေးတပ်တို့က စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုဖြစ်သော ရွေဂူတံတားစစ်ဆေးရေးဂိတ်ကို သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။
မတ်လ ၃၀ ရက်မှ ၃၁ ရက်အထိ ထားဝယ်မြစ်၏အနောက်ဘက်ကမ်း လောင်းလုံးမြို့နှင့် လက်ခတ်တောင်တာဝါတိုင်ကုန်းတို့တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ယနေ့တွင်မူ ထားဝယ်မြစ်၏ အရှေ့ဖက်ကမ်း ရွှေဂူတောင်ဂိတ်တွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။
လောင်းလုံးမြို့နှင့် ရွှေဂူတောင်စစ်ဆေးရေးဂိတ်မှာ ကြားထဲတွင် ထားဝယ်မြစ်သာခြားသည်။
ယခုတိုက်ခိုက်ခံနေရသည့် ရွှေဂူတံတားစစ်ဆေးရေးဂိတ်ကို ဒူရကစစ်ကြောင်းက ပြီးခဲ့သည့် ဇန်နဝါရီလက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မီးရှို့ဖျက်ဆီးခဲ့ဖူးသည်။
နောက်ပိုင်းစစ်ကောင်စီတပ်က ထိုနေရာသို့ ပြန်လည်ဝင်ရောက်တပ်စွဲထားခြင်းဖြစ်သည်။