အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွင် ပြီးခဲ့သည့် နှစ်ရက်တာအတွင်း မုတ်သုံမိုး ဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ၊ မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ရာ အနည်းဆုံး လူ ၃၀ ဦး သေဆုံးခဲ့ရကြောင်း အာဏာပိုင်များကနေ ယနေ့ ဇွန်လ ၁ ရက်နေ့တွင် ပြောဆိုသည်။
အာသံပြည်နယ်တွင် လူ ၈ ဦး သေဆုံးခဲ့ရကြောင်း ပြည်နယ်ဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်များက ဆိုသည်။
အာရန်နာချယ်ပရာဒေ့ရှ်ပြည်နယ်တွင် ၉ ဦး သေဆုံးခဲ့ရပြီး အများစုမှာ မြေပြိုမှုများကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
မီဇိုရမ်ပြည်နယ်မှ မြေပြိုမှုတစ်ခုတွင် နောက်ထပ် လူ ၅ ဦး သေဆုံးခဲ့ရကြောင်း ပြည်နယ်အာဏာပိုင်များက ဆိုသည်။
မေဃာလယပြည်နယ်တွင်လည်း လူ ၆ ဦး သေဆုံးခဲ့ရကြောင်း အာဏာပိုင်များက ပြောသည်။
နာဂလန်းနှင့် တြိပူရပြည်နယ်တို့တွင်လည်း အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ရကြောင်း အာဏာပိုင်များက ဆိုသည်။

အိန္ဒိယအရှေ့မြောက်ပိုင်းရှိ ခရိုင်အချို့တွင် ပြီးခဲ့သည့် သုံးရက်တာအတွင်း အဆက်မပြတ် မိုးရွာသွန်းမှုများကြောင့် အနီရောင်အဆင့် သတိပေးချက်ထုတ်ပြန်ထားသည်။
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဗြဟ္မပုတ္တရမြစ်အပါအဝင် မြစ်ချောင်းများ မြစ်ရေလျှံတက်ကာ ရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့သည်။
မဏိပူရပြည်နယ်အနှံ့တွင် အကြီးစားကယ်ဆယ်ရေးတစ်ခု ဆောင်ရွက်ခဲ့ပြီး လူရာပေါင်းများစွာကို ကယ်တင်ထားကြောင်း အိန္ဒိယစစ်တပ်က ဆိုသည်။
လူဦးရေ ၁ ဒသမ ၄ ဘီလီယံနေထိုင်သည့် အိန္ဒိယနိုင်ငံတွင် မိုးရာသီကာလ၌ ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများကြောင့် နှစ်စဉ် လူအမြောက်အများ သေဆုံးရလေ့ရှိသည်။
Source: AFP/dc