BREAKING
June 2, 2025

အာဆီယံထဲက မြန်မာ့မိတ္တ 

June 1, 2025

 မကြာသေးခင်က မလေးရှားနိုင်ငံက အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မမျှော်လင့်ထားတဲ့ လူသားဆန်စွာ နွေးထွေးတဲ့ အခိုက်အတန့်ကလေးတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ အာဆီယံထိပ်သီးအစည်းအဝေး ပြီးဆုံးလို့ နိုင်ငံ့ခေါင်းဆောင်တွေ နေ့လယ်စာစားချိန်မတိုင်ခင်လေးမှာ အပြင်မှာ စောင့်နေတဲ့ မီဒီယာသမားတွေဆီကို လူတစ်ယောက် ရောက်လာပြီးတော့ သကြားလုံးလေးတွေ ပေးသွားခဲ့လို့ပါပဲ။

“ဒါ ယူလိုက်နော် ၊ ခင်ဗျားတို့ စောင့်နေရတာ ကြာပြီ”

သတင်းထောက်တွေကို အားပါးတရ ပြုံးပြရင်း ဒီစကားကို ပြောခဲ့သူကတော့ အရှေ့တီမောနိုင်ငံရဲ့ ဝန်ကြီးချုပ် ရှာနာနာဂူးဇ်မိုပါ။ ကိန်းကြီးခမ်းကြီးအခမ်းအနားအစီအစဉ်တွေကြား ရင်းနှီးနွေးထွေးတဲ့ သူ့အပြုအမူကြောင့် သတင်းထောက်တွေ ပြုံးရယ်ခဲ့ရပါတယ်။ ဒီအခိုက်အတန့်လေးကို “သကြားလုံး ဒစ်ပလိုမေစီ”လို့ နိုင်ငံခြားမီဒီယာတစ်ခုက တင်စားဖော်ပြခဲ့ပါတယ်။

အဲဒီ အာဆီယံထိပ်သီးအစည်းအဝေးမှာပဲ အရှေ့တီမောနိုင်ငံခြားရေးမူဝါဒရဲ့ အဓိကပန်းတိုင်တစ်ခု ပြည့်ဝသွားခဲ့ပါတယ်။

လာမယ့် အောက်တိုဘာလ အာဆီယံထိပ်သီးအစည်းအဝေးမှာ အရှေ့တီမောကို အာဆီယံအဖွဲ့ဝင်သစ်အဖြစ် လက်ခံဖို့ အဖွဲ့ဝင်နိုင်ငံအားလုံးက သဘောတူဆုံးဖြတ်ခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ အရှေ့တောင်အာရှက အသက်ငယ်ဆုံးတိုင်းပြည်ရဲ့ အိပ်မက်အရင့်အမာတစ်ခု အကောင်အထည်ပေါ်လာတာဟာ စစ်အာဏာရှင်တွေကို တွန်းလှန်နေတဲ့ မြန်မာပြည်သူတွေအတွက်လည်း အပြုသဘောဆောင်နေပါတယ်။

အရှေ့တီမောရဲ့ အာဆီယံအိပ်မက်

အင်ဒိုနီးရှားရဲ့ ၂၄ နှစ်ကြာ သိမ်းပိုက်အုပ်ချုပ်မှုအောက်ကနေ အရှေ့တီမောဟာ    ၂၀၀၂ ခုနှစ်မှာ လွတ်လပ်ရေးရလာခဲ့ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ရေးဟာ အရှေ့တီမော နိုင်ငံခြားရေးမူဝါဒရဲ့ အဓိကပန်းတိုင်တစ်ခု ဖြစ်ပါတယ်။ ၂၀၁၁  ခုနှစ်မှာ အာဆီယံအဖွဲ့ထဲဝင်ရောက်ဖို့ တရားဝင် စတင်လျှောက်ထားခဲ့ပေမယ့် စိန်ခေါ်မှုများစွာနဲ့ နှစ်ပေါင်းများစွာကြာတဲ့အထိ မအောင်မြင်ခဲ့ပါဘူး။ လူဦးရေ ၁ ဒသမ ၃ သန်းသာ ရှိတဲ့ အရှေ့တီမောဟာ နိုင်ငံသားတွေရဲ့ လူတန်းစားမညီမျှမှုပြဿနာ ၊ အာဟာရမပြည့်ဝမှုပြဿနာ ၊  အလုပ်လက်မဲ့ပြဿနာတွေနဲ့ လုံးပန်းနေရဆဲ ဖြစ်ပါတယ်။ တိုင်းပြည်ဝင်ငွေအတွက် ရေနံအပေါ်မှာ အလွန်အမင်း မှီခိုအားထားနေရဆဲဖြစ်ပြီး အခြားစီးပွားရေးကဏ္ဍနယ်ပယ်တွေ အင်မတန်နည်းပါးလျက် ရှိနေဆဲ ဖြစ်ပါတယ်။

မဖွံ့ဖြိုးသေးတဲ့ အခြေခံအဆောက်အအုံနဲ့ လူ့စွမ်းအားအရင်းအမြစ်ဟာ အရှေ့တီမောအဖို့ အာဆီယံစီးပွားရေး အသိုက်အဝန်းထဲ ထိထိရောက်ရောက် ပါဝင်ဖို့အတွက် အဓိက စိန်ခေါ်မှုတွေ ဖြစ်ခဲ့ပါတယ်။ နွေဦးတော်လှန်ရေးအတွင်း မြန်မာပြည်သူတွေကို ထောက်ခံစာနာတဲ့ အရှေ့တီမောသမ္မတ ဟိုဆေးရာမို့စ်ဟွန်တာဟာ အာဆီယံအဖွဲ့ဝင်ဖြစ်လာဖို့အတွက် စိန်ခေါ်မှုများစွာနဲ့ နှစ်ပေါင်းများစွာ နပန်းလုံးခဲ့ရပါတယ်။

၂၀၂၂ ခုနှစ်ရောက်တဲ့အချိန်မှာ အရှေ့တီမောကို အာဆီယံအဖွဲ့ဝင်အဖြစ်နဲ့ မူအားဖြင့် လက်ခံလိုက်ပါတယ်။ တင်းပြည့်ကျပ်ပြည့် အာဆီယံအဖွဲ့ဝင်ဖြစ်လာဖို့အတွက် စွမ်းရည်မြှင့်တင်ရေး အထောက်အကူပေးဖို့အတွက်လည်း အာဆီယံခေါင်းဆောင်တွေက သဘောတူခဲ့ကြပါတယ်။ ဒီအတွက် လမ်းပြမြေပုံတစ်ခု ရေးဆွဲဖို့ကိုလည်း အာဆီယံအဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်။

ဒီရက်ပိုင်းအတွင်း ကျင်းပပြီးစီးသွားတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာတော့ အရှေ့တီမောကို လာမယ့် အောက်တိုဘာလ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ တင်းပြည့်ကျပ်ပြည့် အာဆီယံအဖွဲ့ဝင် နိုင်ငံသစ်အဖြစ် လက်ခံဖို့ အာဆီယံခေါင်းဆောင်အားလုံးက သဘောတူဆုံးဖြတ်လိုက်ပါတယ်။

အရှေ့တောင်အာရှရဲ့ ဒီမိုကရေစီချန်ပီယံ

အရှေ့တောင်အာရှရဲ့ အသက်ငယ်ဆုံး တိုင်းပြည်တစ်ခု ဖြစ်ပေမယ့် အရှေ့တီမောရဲ့ ဒီမိုကရေစီနဲ့ မီဒီယာလွတ်လပ်ခွင့်ဟာ Freedom House နဲ့ Democracy Index  ရဲ့ ညွှန်းကိန်းတွေအရ လက်ရှိအာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးထက် ပိုသာပါတယ်။ အရှေ့တီမောရဲ့ မီဒီယာလွတ်လပ်ခွင့်အဆင့်အတန်းဟာ ကမ္ဘာ့ထိပ်တန်းနိုင်ငံ ၅၀ ထဲမှာ စာရင်းပေါက်ပါတယ်။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို ပြည်တွင်းမှာရော ၊ ပြည်ပမှာပါ ထောက်ခံအားပေးသူတွေအဖြစ် အရှေ့တီမောခေါင်းဆောင်တွေက သူတို့ကိုယ်သူတို့ ဂုဏ်ယူကြပါတယ်။

ဒီမိုကရေစီစံတန်ဖိုးတွေနဲ့ လူ့အခွင့်အရေးအပေါ် အခြေခံပြီး အာဆီယံလူမှုရပ်ဝန်းကို တည်ဆောက်ဖို့ မျှော်ရည်ထားခဲ့ပေမယ့်လည်း လက်ရှိအာဆီယံဟာ ဒီမိုကရေစီနိုင်ငံတွေရဲ့ အသင်းအဖွဲ့တစ်ခုဆိုတာထက် ဒီမိုကရေစီမဟုတ်တဲ့ နိုင်ငံတွေရဲ့ အသင်းအဖွဲ့တစ်ခုနဲ့ ပိုတူပါတယ်။ လက်ရှိအာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှာ ရွေးကောက်ပွဲဒီမိုကရေစီစနစ် ၊ ရွေးကောက်ပွဲရှိတဲ့ အပြိုင်အဆိုင်အာဏာရှင်စနစ် ၊ စစ်အာဏာရှင်စနစ် ၊ အကြွင်းမဲ့ပဒေသရာဇ်စနစ်စတဲ့ အစိုးရပုံသဏ္ဍာန်အမျိုးမျိုး ဖြစ်တည်နေပါတယ်။

မကြာသေးခင်ကစလို့ အရှေ့တောင်အာရှမှာ ဒီမိုကရေစီ သွေးပေါင်ကျလာပြီး အာဏာရှင်နိုင်ငံရေးဘက်က ပိုအားကောင်းလာတယ်ဆိုတာ လေ့လာမှုတွေက ဖော်ပြနေပါတယ်။ ဖိလစ်ပိုင် ၊ ထိုင်း ၊ ကမ္ဘောဒီးယားနဲ့ အင်ဒိုနီးရှားလို နိုင်ငံတွေမှာ ဒီမိုကရေစီကို အားနည်းချိနဲ့စေတဲ့ မင်းဆက်နိုင်ငံရေးပုံသဏ္ဍာန် တက်ရိပ်ပြနေပါတယ်။ အာဆီယံအဖွဲ့ထဲမှာ ဒီမိုကရေစီနိုင်ငံလို့ ပြောလို့ရတာက အနည်းစု ဖြစ်နေပါတယ်။

အာဆီယံအဖွဲ့ထဲ အရှေ့တီမော ဝင်ရောက်လာတာဟာ အာဆီယံအဖွဲ့ထဲက ဒီမိုကရေစီနိုင်ငံအနည်းစုထဲ နောက်တစ်နိုင်ငံ ထပ်တိုးလာတဲ့သဘော ဖြစ်ပါတယ်။ ဒါဟာ အာဆီယံအဖွဲ့ထဲက အာဏာရှင်နိုင်ငံတွေနဲ့ မျှခြေထိန်းဖို့ ဒီမိုကရေစီအင်အားတစ်ခု တိုးလာတယ်ဆိုတဲ့ သဘောလို့ ယူဆနိုင်ပါတယ်။

အာဆီယံထဲက မြန်မာ့မိတ္တ

အကြမ်းဖက်ရက်စက်တဲ့ စစ်အုပ်ချုပ်ရေးအောက် စိတ်ဒဏ်ရာရလောက်အောင် ပြားပြားဝပ်ဖိနှိပ်ခံခဲ့ရဖူးတဲ့ အရှေ့တီမောဟာ မြန်မာ့အရေးနဲ့ ပတ်သက်ရင် အာဆီယံအဖွဲ့ထဲမှာ ကျန်နိုင်ငံတွေနဲ့ မတူတဲ့ ရပ်တည်ချက်မျိုး ပြသနိုင်ပါတယ်။

၂၀၁၁ ခုနှစ်မှာ အာဆီယံအဖွဲ့ထဲဝင်ဖို့ လျှောက်လွှာတင်လိုက်စဉ်ကတည်းက အရှေ့တီမောခေါင်းဆောင်တွေဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဒီမိုကရေစီချို့တဲ့မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဝေဖန်ဖို့ မတွန့်ဆုတ်ခဲ့ပါဘူး။

အရှေ့တီမောသမ္မတ ဟိုဆေးရာမို့စ်ဟွန်တာဟာ စစ်အာဏာရှင်ကို ခုခံတွန်းလှန်နေတဲ့ မြန်မာပြည်သူတွေရဲ့ ရုန်းကန်မှုကို ထောက်ခံရပ်တည်ပြီး မြန်မာစစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ရှုတ်ချလေ့ရှိသူလည်း ဖြစ်ပါတယ်။ ဒီမိုကရေစီစံနှုန်းအပေါ် ရပ်တည်ကိုင်စွဲပြီး ဒီလို ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုမှုတွေကြောင့်ပဲ အရှေ့တီမောသာ အာဆီယံအဖွဲ့ ထဲရောက်လာရင် အဖွဲ့အစည်းအတွင်း အကွဲအပြဲတွေ ဖြစ်လာမလားဆိုပြီး စိုးရိမ်သူတွေလည်း ရှိနေတာ အမှန်ပါပဲ။

အဖွဲ့ဝင်နိုင်ငံတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လျစ်လျူရှုထားလေ့ရှိတဲ့ အာဆီယံအဖွဲ့ထဲမှာ လိုက်လျောညီထွေ ဖြစ်စေဖို့အတွက် အရှေ့တီမောအနေနဲ့ အလားတူ ရေငုံနှုတ်ပိတ်သွားမယ့်အစား သူ့ရဲ့ ဒီမိုကရေစီအမှတ်သရုပ်ကို အာဆီယံစင်မြင့်ထက်မှာ ဆက်လက်ကိုင်ဆောင်ထားနိုင်ပါတယ်။ ဒါကို အလိုအပ်ဆုံးဖြစ်နေတဲ့နေရာကတော့ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံရဲ့ ချဉ်းကပ်ပုံမူဝါဒပါပဲ။   

အာဆီယံဟာ အဖွဲ့ဝင်နိုင်ငံတွေကြား ပြည်တွင်းရေးဝင်မစွက်ဖက်ရေးမူကို စွဲကိုင်ထားပါတယ်။ အဖွဲ့ဝင်နိုင်ငံတစ်ခုမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျန်အဖွဲ့ဝင်နိုင်ငံတွေက ဝေဖန်ရှုတ်ချရမှာကို တမင်ရှောင်ရှားလေ့ရှိပါတယ်။ ပြည်တွင်းရေးဝင်မစွက်ဖက်ရေးမူကို ဦးထိပ်ပန်ဆင်ထားတာကြောင့်လည်း အာဆီယံဟာ မြန်မာ့အရေး အကျပ်အတည်းမှာ ရှေ့မတိုး နောက်မဆုတ်သာ ပိတ်မိနေတာ ၂၀၂၁ စစ်အာဏာသိမ်းမှုကတည်းကနေ အခုနောက်ဆုံး ပြီးစီးသွားတဲ့ အာဆီယံထိပ်သီးအစည်းအဝေးအထိပါပဲ။

အာဆီယံရဲ့ ပျက်ကွက်မှုနဲ့အတူ မြန်မာပြည်သူသန်းပေါင်းများစွာဟာ နိုင်ငံတကာအကူအညီအထောက်အပံ့ မရှိသလောက်နဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေရပါတယ်။ ဖိနှိပ်မှုကို တွန်းလှန်ကျော်လွှားရာမှာ နိုင်ငံတကာရဲ့ ကူညီအားပေးမှုကို ရရှိခဲ့တဲ့ အရှေ့တီမောရဲ့ သမိုင်းက ဒီနေရာမှာ တော်တော်လေး စကားပြောလာပါတယ်။

အရှေ့တီမောဟာ အကြမ်းဖက်ဖိနှိပ်ရက်စက်တဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ ဆယ်စုနှစ်များစွာ ဖြတ်သန်းခဲ့ရပါတယ် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုတွေ ၊ အတင်းအဓမ္မနေရပ်စွန့်ခွာရမှုတွေ ၊ စနစ်တကျအကြမ်းဖက်မှုတွေကို အရှေ့တီမောပြည်သူတွေ ခံစားခဲ့ရပါတယ်။ ပြည်သူတွေရဲ့ ခိုင်မာတဲ့ ခံယူချက်နဲ့ ကြံ့ကြံ့ခံနိုင်စွမ်းအပြင် နိုင်ငံတကာရဲ့ အတူအားပေးရပ်တည်မှုတွေကြောင့်ပဲ အရှေ့တီမောဟာ ၂၀၀၂ ခုနှစ်မှာ လွတ်လပ်ရေးရခဲ့ပါတယ်။ ဒီအတွ့အကြုံတွေကပဲ အရှေ့တီမောအဖို့ ဖိနှိပ်မှုကို ဆန့်ကျင်တွန်းလှန်ရာမှာ နိုင်ငံတကာအားပေးထောက်ခံမှုရဲ့ အရေးပါပုံကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်စေပါတယ်။

ရောမစာချုပ်အဖွဲ့ဝင် အရှေ့တီမော

စစ်အာဏာရှင်ကို တော်လှန်နေတဲ့ မြန်မာပြည်သူတွေအတွက် အရှေ့တီမောအစိုးရက အစပျိုးလုပ်ဆောင်နိုင်တဲ့ အရာတစ်ခုကတော့ မြန်မာစစ်ကောင်စီရဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) ကို လွှဲပြောင်းပေးတာပဲ ဖြစ်ပါတယ်။ အိုင်စီစီအဖွဲ့ဝင်နိုင်ငံတစ်ခုအနေနဲ့ အရှေ့တီမောဟာ ရောမသဘောတူစာချုပ်ရဲ့ ပုဒ်မ ၁၄ ကို အသုံးချပြီး မြန်မာစစ်ကောင်စီရဲ့ ရာဇဝတ်မှုတွေကို အိုင်စီစီက စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုနိုင်တဲ့ နေရာမှာ ရှိပါတယ်။

ဒီအရွေ့ဟာ မြန်မာ့အရေး အကျပ်အတည်းနဲ့ ပတ်သက်လို့ အာဆီယံရဲ့ ချဉ်းကပ်မှုမှာ အကြီးစားအပြောင်းအလဲတစ်ခုဆီ ဦးတည်သွားစေတာမျိုးအထိ ဖြစ်လာနိုင်ပါတယ်။ မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ ရာဇဝတ်မှုတွေကို အိုင်စီစီထံ လွှဲပြောင်းပေးလိုက်တာက မြန်မာပြည်မှာ အိုင်စီစီရဲ့  တရားစီရင်ရေးအာဏာစက်ကို ပိုကျယ်ပြန့်လာစေနိုင်ပါတယ်။ ဒီအရွေ့ဟာ မြန်မာစစ်အုပ်စုရဲ့ ၂၀၂၁ စစ်အာဏာသိမ်းမှုအလွန် ဖိနှိပ်သတ်ဖြတ်မှုတွေနဲ့ ရိုဟင်ဂျာလူမျိုးတုန်း သတ်ဖြတ်မှုအပေါ် နိုင်ငံတကာရဲ့ အာရုံစိုက်မှု ပိုမိုရရှိလာစေနိုင်ပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်လို့ စံတန်ဖိုးအခြေခံရပ်တည်မှုမျိုးကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဆီကနေ မြန်မာပြည်သူတွေ လိုအပ်နေပါတယ်။ လူဦးရေ ၁.၃ သန်းသာရှိတဲ့ နိုင်ငံငယ်တစ်ခုဆိုပေမယ့် အရှေ့တီမောဟာ ဒီလို စံနှုန်းအခြေပြုရပ်တည်ချက်ကို ကျန်တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ မတူဘဲ ပြသနိုင်ပါတယ်။

နိုင်ငံငယ်လေးတွေရဲ့ စံနှုန်းအခြေပြုရပ်တည်မှုတွေကို အခြားကမ္ဘာ့အရေးကိစ္စတွေမှာလည်း တွေ့နိုင်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဗီတိုအာဏာ သုံးစွဲရာမှာ တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့ ဘန်ကောက်မြို့ထက် ဆယ်ဆပိုသေးငယ်တဲ့ ဥရောပတိုက်က လစ်ခ်တန်စတိုင်းနိုင်ငံရဲ့ ကြိုးပမ်းမှုကို ဥပမာအနေနဲ့ ကြည့်လို့ ရပါတယ်။

ဂါဇာအရေးမှာ ပါလက်စတိုင်းပြည်သူတွေဘက်က ခိုင်ခိုင်မာမာ ရပ်တည်တဲ့ အိုင်ယာလန်နိုင်ငံရဲ့ ရပ်တည်ချက်ကိုလည်း တွေ့နိုင်ပါတယ်။ အင်အားကြီးနိုင်ငံတွေက ကိုယ်ကျိုးစီးပွားအသားပေး ရပ်တည်နေကြတဲ့ ကမ္ဘာကြီးမှာ နိုင်ငံငယ်လေးတွေက တရားမျှတမှုအတွက် ရှေ့ထွက်ရပ်တည်ပြတာတွေက အင်မတန် အရေးပါလာပါတယ်။

မြန်မာ့အရေးကို အရှေ့တီမောအစိုးရက အိုင်စီစီကို လွှဲပြောင်းပေးတာဟာ အရှေ့တီမောဟာ သူတို့ရဲ့ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလမှာ သူတို့ရရှိခဲ့တဲ့ နိုင်ငံတကာထောက်ခံအားပေးမှုကို မြန်မာပြည်သူတွေအတွက် သူတို့ကိုယ်တိုင် လက်ဆင့်ကမ်းမျှဝေတဲ့သဘောလည်း ဖြစ်လာမှာပါ။

၁၉၉၀ ပြည့်နှစ်လွန်ကာလတွေတုန်းက အရှေတီမောပြည်သူတွေဘက်က နိုင်ငံတကာရဲ့ အတူရပ်တည်အားပေးမှုနဲ့ ကုလသမဂ္ဂရဲ့ ကြားဝင်ဆောင်ရွက်မှုတွေဟာ အရှေ့တီမောမှာ အင်ဒိုနီးရှားရဲ့ အုပ်ချုပ်ရေးကို အဆုံးသတ်စေခဲ့ရာမှာ အင်မတန် အရေးပါခဲ့ပါတယ်။

မြန်မာစစ်အုပ်စုအပေါ် နိုင်ငံတကာက ပိုပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းလှုံ့ဆော်ရင်း အရှေ့တီမောအနေနဲ့ သူတို့ရရှိခဲ့တဲ့ နိုင်ငံတကာရဲ့ ထောက်ခံအားပေးမှုကို မြန်မာပြည်သူတွေဆီ ဆောင်ကျဉ်းပြသနိုင်ပါတယ်။

အာဆီယံအဖွဲ့ထဲ အရှေ့တီမော ဝင်ရောက်လာတာဟာ သံတမန်ရေးစာရွက်စာတမ်း လက်မှတ်ထိုးတာတစ်ခု သက်သက်ဆိုတာထက် အများကြီး ပိုနိုင်ပါတယ်။ ဖိနှိပ်မှုအောက်က ရုန်းကန်တွန်းထွက်လာခဲ့တဲ့ သမိုင်းကြောင်းနဲ့ နိုင်ငံငယ်တစ်ခုဟာ မြန်မာ့အရေးမှာ အဓိပ္ပါယ်ရှိတဲ့ အပြောင်းအလဲဆီ တွန်းအားပေးဖို့အတွက် အာဆီယံထဲမှာ သူရရှိလာတော့မယ့် ပလက်ဖောင်းကို အသုံးချနိုင်ပါတယ်။ အာဆီယံအဖွဲ့အနေနဲ့ ဒေသတွင်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ထောက်ခံအားပေးရာမှာ ပိုအားကောင်းသန်မာတဲ့ ရပ်တည်ချက်ကို ကိုင်စွဲဖို့လည်း အရှေ့တီမောက ဆော်ဩလာနိုင်ပါတယ်။

ဈာန်ဟိန်း

Ref : Al Jazeera, Bernama, East Asia Forum, Lowy Institute, Thai PBS World, Channel News Asia