BREAKING
June 2, 2025

တနင်္သာရီရှိ ရွာအချို့တွင် အိမ်မိုးသွပ်ပြားဝယ်ယူရခက်ခဲသဖြင့် ဓနိဖက်အသုံးပြုသူများလာ

June 1, 2025

ဓာတ်ပုံ - Dawei Watch

တနင်္သာရီမြို့နယ်ရှိ ကျေးရွာအချို့တွင် စစ်ကောင်စီတပ်က ကုန်ပစ္စည်းသယ်ဆောင်ခွင့် တင်းကျပ်မှုများကြောင့် သွပ်ပြားဝယ်ယူရန်ခက်ခဲနေသဖြင့် အိမ်ခေါင်မိုး မိုးရန်အတွက် ဓနိဖက် အသုံးပြုသူများလာကြောင်း ဒေသခံအချို့ထံမှ သိရသည်။

တကူကျေးရွာအုပ်စု၊ သိန္ဓောကျေးရွာအုပ်စု၊ သမီးလှရွာ စသည့်ကျေးရွာများကို ယခုနှစ် ဧပြီလအစောပိုင်းမှစကာ စစ်ကောင်စီက ကုန်ပစ္စည်းသယ်ယူခွင့် ပိုမိုတင်းကျပ်ထားသည်။

ထိုကြောင့် အိမ်မိုးရန်သွပ်ပြားသယ်ယူရာတွင် သယ်ယူစရိတ်မှာ သွပ်ပြားပေါက်စျေးအတိုင်းပေးနေရသဖြင့် ဓနိဖက်ကို အစားထိုးအသုံးပြုနေရကြောင်း ဘန်လောရွာနေ အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

”သွပ်စျေးက သွပ်တစ်ချပ်စျေး ခြောက်ထောင်ဆိုရင် သယ်စရိတ်လည်း ခြောက်ထောင်ပေးရတယ်။ အဲဟာတောင်မှာပြီး မနည်းကြာ(တော်တော်ကြာ)မှ ရောက်တယ်”ဟု အထက်ပါအမျိုးသားက ပြောသည်။

သွပ်ပြားဝယ်ယူရန်ခက်ခဲသဖြင့် နေအိမ်အသစ်ဆောက်ထားသူများအပြင် သွပ်ပြားမိုးထားပြီး ဆွေးမြေ့နေသည့် အိမ်များတွင်ပါ ဓနိဖက်ကို အသုံးပြုလာကြကြောင်း ဒေသခံအချို့က ဆိုသည်။

ထို့အပြင် မြိတ်မြို့ဘက်မှ သွပ်ပြားမှာယူပါက အချိန် နှစ်လမှ သုံးလကြာသည်အထိ စောင့်ဆိုင်းနေရသည့်အတွက် ဝယ်ယူရလွယ်ကူသည့် ဓနိဖက်ကိုပိုမိုအသုံးပြုလာကြကြောင်း တကူရွာနေ အသက် ၆၂ နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦးက ဆိုသည်။

ယင်းအခြေအနေကြောင့် ဓနိဖက်ဈေးတက်လာပြီး ဝယ်ယူရလည်းခက်လာကြောင်း ၎င်းက ပြောသည်။

”(ဓနိ)ဖက်ကလည်း စျေးတက်ပြီးဝယ်ရလည်း ရှားလာတယ်။ အခုက မိုးရာသီလည်းဖြစ်နေပြီ။ ဖက်က အိမ်တစ်ဆောင်စာမိုးဖို့ တစ်လလောက် လိုက်ရှာဝယ်ရတယ်။ မိုးယိုနေရင်လည်း ဖာပြီးပဲနေနေရတယ်”ဟု အထက်ပါအမျိုးသမီးကြီးက ဆိုသည်။

ပြီးခဲ့သည့် မတ်လက ဓနိဖက်အချပ်ရေ တစ်ရာလျှင် ၂၃၀၀၀ကျပ်ရှိရာက မေလတွင် ၂၈၀၀၀ကျပ်ဖြင့် ဝယ်ယူနေရကြောင်း ဒေသခံအချို့ထံမှ သိရသည်။